UPDJC အတွက် နိုင်ငံရေးပါတီ ကိုယ်စားပြု ၁၆ ရွေးချယ်ပြီးပါက နိုင်ငံရေးစကားဝိုင်း စတင်မည်

UPDJC အတွက် နိုင်ငံရေးပါတီ ကိုယ်စားပြု ၁၆ ရွေးချယ်ပြီးပါက နိုင်ငံရေးစကားဝိုင်း စတင်မည်
ဓါတ်ပုံ - သက်ကို

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ။         ။ ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲကော်မတီ Union Political Dialogue Joint Committee (UPDJC) အတွက် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၆ ဦး ကို နိုဝင်ဘာ ၂၁ရက်တွင် ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်ပြီးပါက နိုင်ငံရေးစကားဝိုင်းများအတွက် မူဘောင်ညှိနှိုင်းဆွေးနွေးပွဲများ စတင်မည်ဟု UPDJC အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောကြား သည်။

''နိုဝင်ဘာ ၂၁ ရက်မှာ နိုင်ငံရေးပါတီတွေ ဒုတိယအကြိမ်တွေ့ဆုံပြီး (၁၆) ယောက်ရွေးမယ်။ အဲ့ဒီနေ့ ရွေးတာအဆင်ပြေရင် ၂၄ ရက်နေ့ကို သုံးပွင့်ဆိုင်ဆွေးနွေးမယ်။"ဟု ဦးလှမောင်ရွှေက ပြောသည်။

UPDJC တွင် အစိုးရဘက်က ၁၆ဦး၊ တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ ၁၆ဦး နှင့် နိုင်ငံရေးပါတီများ ဘက်မှ ၁၆ဦး အချိုးကျပါဝင်ရန် သတ်မှတ်ထားသည်။ အဆိုပါ ၄၈ဦးက နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန် မူဘောင်ကို ဆွေးနွေးရမည်ဖြစ်သည်။

"အဲ့ဒီ အစည်းအဝေးမတိုင်ခင် ၂၃ ရက်နေ့မှာ အလွတ်သဘော မူဘောင်ညှိနှိုင်း ဆွေးနွေးပွဲလုပ်ဖို့ စီစဉ်ထားတယ်။ ၂၄ ရက်နေ့မှာ မူဘောင်ဆွေးနွေးလို့ရရင် ဒီဇင်ဘာ ၁၄ ရက်မတိုင်မီ မူဘောင်ရေးဆွဲ တာကိုစမယ်။ ဇန်နဝါရီ ၁၄ ရက်မှာ ပထမအကြိမ် နိုင်ငံရေးစကားဝိုင်းစမယ်။'' ဟု ဦးလှမောင်ရွှေက နိုဝင်ဘာ ၁၂ ရက်နေ့ နိုင်ငံရေးပါတီများနှင့် မြန်မာငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေး အပြီး မီဒီယာများအား ပြောသည်။

ဆွေးနွေးပွဲတွင် Joint Implementation Coordination Meeting (JICM)၊ Joint Monitoring Committee (JMC) နှင့်  Union Political Dialogue Joint Committee (UPDJC) အကြောင်းတို့ကို အသေးစိတ်ရှင်းပြခဲ့သည်ဟု လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဦးယောသပ်က မဇ္ဈိမသို့ပြောသည်။

ဆွေးနွေးပွဲတက်ရောက်လာသည့် တ. စ. ည ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ရွှေက ''NCA လက်မှတ်ထိုးပြီး ရက်ပေါင်း (၆၀) အတွင်း နိုင်ငံရေးဆွေးနွေးဖို့ သဘောတူထားတယ်။ မူဘောင်ပေါ့၊ ဘယ်သူတွေ ပါဝင်ကြမလဲ၊ ဘယ်အချက်တွေ ဆွေးနွေးမလဲဆိုတာကို ကြိုတင်ပြင်ဆင်မှု ကော်မတီဖွဲ့မှာ။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဖွဲ့ပြီးပြီ၊ နိုင်ငံရေးပါတီတွေ လိုသေးတယ်။ ဦးအောင်မင်းက ဒါနဲ့ ပတ်သက်ပြီး ရှင်းပြတယ်။ (၁၆) ယောက် ရွေးမယ်ဆိုရင် ဘယ်လိုကိုယ်စားပြုမှုနဲ့ ရွေးချယ်ကြ မလဲဆိုတာ နိုင်ငံရေးပါတီတွေက ဒီနေ့ဆွေးနွေးကြတာ။ ၂၁ ရက်နေ့မှ နိုင်ငံရေးပါတီတွေ ရဲ့ ကိုယ်စားလှယ်တွေ ရွေးကြမှာ။'' ဟု မဇ္ဈိမသို့ပြောကြားသည်။

ဖက်ဒရယ်ဒီမိုကရေစီ (၁၄) ပါတီနှင့် ဖွဲ့စည်းထားသော ခေတ်သစ်ပြည်ထောင်စုပါတီမှာ အချင်းချင်း ပြည်လည်ဆွေးနွေးပြီး ၂၁ ရက်နေ့မှ ယခုကိစ္စကိုဆုံးဖြတ်မည်ဟုဆိုသည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုင်ငံရေးပါတီနှင့် ဆွေးနွေးရာတွင် NCA လက်မှတ်ထိုးပြီး နောက်ပိုင်း တိုက်ပွဲများဖြစ်ပေါ်နေခြင်းနှင့် ပတ်သက်၍ ယေဘူယျ ပြောကြားခြင်းတာရှိခဲ့ပြီး သီးသန့်ဆွေးနွေးမှု မရှိပါဟု ခေတ်သစ်ပြည်ထောင်စုပါတီ၏ ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

လာမည့် ၂၁ ရက်နေ့နှင့် အခြား မူဘောင်ညှိနှိုင်း ဆွေးနွေးပွဲ များတွင် (၁) အပြုသဘောဆောင် သည့်ပုံစံဖြင့် ဆွေးနွေးကြရန်။ (၂) ဆွေးနွေးဘက်များအကြား အပြန်အလှန် လေးစားမှုရှိကြရန်။ (၃) အကြောင်းအရာတစ်ခုဆွေးနွေးပါက ယင်းအကြောင်းအရာအပေါ် အာရုံစိုက်၍ အကြေအလည် ဆွေးနွေးကြရန်။ (၄) အချိန်ကိုလေးစားလိုက်နာသောအားဖြင့် သတ်မှတ်ထားသော အချိန်အတွင်း ပြီးစီးအောင်ဆွေးနွေးပေးကြရန်။ (၅) အကျိုးဆောင်များ၏ အခန်းကဏ္ဍကို သဘောတူညီထားကြရန် နှင့် ၎င်းတို့၏ ပံ့ပိုးမှုကို လေးစားလိုက်နာကြရန်။ (၆) ဆွေးနွေးနေစဉ် အတွင်း ခေတ္တရပ်နားရန် လိုအပ်မှုကို တင်ပြလာပါက အများသဘောတူခွင့်ပြုပေးရန်။ (၇) ဆွေးနွေးနေစဉ်သော်လည်းကောင်း ဆွေးနွေးပွဲပြင်ပတွင်သော်လည်းကောင်း မည်သည့်အကြောင်းအရာ ဆွေးနွေးသည် ကိုပြောဆိုနိုင်သော်ငြား မည်သူကပြောဆိုသည်ကို ထုတ်ဖော်ခြင်းမပြုရန် ( Chatham House Rule) ဆိုသည့် ညွှန်ကြားစာများ နိုင်ငံရေးပါတီများသို့ ဖြန့်ဝေထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required