ရွှေပြည်ကြီး အေးစေကြည်စေ

ရွှေပြည်ကြီး အေးစေကြည်စေ

၅၁ သန်းသော မြန်မာပြည်သူများကို ကိုယ်စားပြုနိုင်သည့် သန်း ၃၀ ကျော် မဲဆန္ဒရှင်ပြည်သူများသည် နိုင်ငံကောင်းဖို့ မျှော်လင့်ချက်ဖြင့် ခေတ်ပြောင်းခေတ်လွဲ ရွေးကောက်ပွဲ (ဝါ) ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲပေးနေကြပြီဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများက မိမိတို့အသည်းကြားက မဲပြားများကို အကောင်းဆုံးစဉ်းစား ဆုံးဖြတ်နိုင်ကြသည့်ပွဲတွင် တိုင်းပြည်၏ရောင်ခြည်သည် လင်းလာမည်ဟု မျှော်လင့်ရပေသည်။

သန်း ၃၀ ကျော်သော မဲဆန္ဒရှင်ပြည်သူများ၏ မည်သည့်ရာခိုင်နှုန်းက မဲပေးမည်ကို မခန့်မှန်းနိုင်သေးသော်လည်း လက်ရှိအခြေအနေတွင် မဲဆန္ဒရှင်ပြည်သူများ၏ စိတ်အားထက်သန်မှုများကား မိုးထက်သို့တိုင် လျှံနေသည်ဟု ထင်မြင်ရသည်။ စင်ကာပူရောက် မြန်မာများသည် မိမိတို့၏ နိုင်ငံသားတာဝန်ကျေပွန်မှုကို စံံပြအနေနှင့် ပြသလိုက်သည်။ ရွေးကောက်ပွဲရက်တွင် မဲပေးရန်လေယာဉ် စင်းလုံးလိုက် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာကြသည်။ အထူးချီးကျူး ဂုဏ်ယူမိပါသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ သည် နိုဝင်ဘာ ၆ ညဉ့်သန်းခေါင်က ပြီးဆုံးခဲ့သည်။ အဓိက အတိုက်အခံပါတီကြီးဖြစ်သော အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) သည် ရွေးကောက်ပွဲထမင်းရည်ပူစည်းကို မကျော်လွန်စေရန် အဆင့်တိုင်းအဆင့်တိုင်းတွင် တင်ကြိုရှောင်ရှားခဲ့သည့်အတိုင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အညီ ပါတီနှင့်ဆိုင်သော ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးဆိုင်ရာ ဆိုင်းဘုတ်၊ အလံနှင့် စတေကာများကို အချိန်မီဖြုတ်သိမ်းခဲ့သည်။ ထိုသို့ဖြုတ်သိမ်းကြရန်လည်း အားပေးထောက်ခံသူများကို ဆော်သြစည်းရုံးခဲ့သည်။

ရွေးကောက်ပွဲရက် (ယနေ့) တွင်လည်း အရာအားလုံးသည် အေးအေးချမ်းချမ်းနှင့်ပင် ပြီးစီးသွားမည်ဟု မျှော်လင့်ရပါသည်။ မဲဆန္ဒရှင်မြန်မာပြည်သူများသည် စစ်အာဏာရှင်အဆက်ဆက်အောက် တွင်နှစ်ပေါင်း ၅၀ ကျော် ပိပြား ငြိမ်ဝပ်စွာဖြင့် ရုန်းကန် ကြိုးစား ရှင်သန် နေထိုင်ခဲ့ဖူးသည်ဖြစ်ရာ ခေတ်ပြောင်းခေတ်လွဲကိုသာ အာရုံထား၍ ပေါ်လာနိုင်သည့် ဒုက္ခများကို ကောင်းစွာ ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်မည်ဟု ယုံကြည်သည်။

ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၏ တရားဝင်မဲဆွယ်စည်းရုံးရေးကာလ ရက်ပေါင်း ၆၀ ပြည့်သည့်ရက် နိုဝင်ဘာ ၆ ညတွင် သမ္မတဦးသိန်းစိန်က တိုင်းပြည်နှင့် လူထုသို့ ရွေးကောက်ပွဲအကြိုမိန့်ခွန်းပြောသည်။ အချိန်အခါကိုက်ပြီး တိမ်းမူးဖွယ်ကောင်းသော မိန့်ခွန်းဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သမ္မတကိုယ်တိုင် နိုင်ငံတစ်ဝှမ်း လှည့်လည်ဆောင်ရွက် ခဲ့သည်များနှင့် ချက်ချင်းချိန်ထိုးစဉ်းစားသော် လွဲချော်လျှက်ရှိသည်။

သမ္မတ၏မိန့်ခွန်းကို ဆစ်ပိုင်းကြည့်လျှင် ရွေးကောက်ပွဲထက် ရွေးကောက်ပွဲအပြီး အခြေအနေကို ဇောင်းပေးထားပြီး အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို ပြောသည်။ အဓိကသတင်း စကားသုံးခုမှာ အစိုးရနှင့်စစ်တပ်သည် ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး ရွေးကောက်ပွဲလွန် အခင်းအကျင်းသစ်ကို ပူးတွဲလုပ်ဆောင်မည်၊ အစိုးရသစ်ကို လက်ခံမည်၊ ရွေးကောက်ပွဲအနိုင်ရ ပါတီခေါင်းဆောင်များနှင့် ဆွေးနွေးမည်။

သမ္မတဦးသိန်းစိန်၏ မိန့်ခွန်းသည် သာယာနာပျော်ဖွယ်ကောင်းသော်လည်း ယုံကြည်ချက်ပါနေသည်ကို တွေ့ရသည်။ ရွေးကောက်ပွဲရလဒ်၊ အစိုးရသစ်နှင့် အနိုင်ရပါတီများကို ပုံဖော်ပြီးသည့်အသွင် ရှိသည်။ ဤသည်မှာ ယေဘုယျအားဖြင့် လူ၊ နတ်၊ ချမ်းသာအဖြစ်မျိုး (ဝါ) သားရွှေအိုးထမ်း ဇာတ်သိမ်းမျိုးဖြစ်သော်လည်း မျက်စိမှိတ်ယုံကြည်လိုက်နိုင်ရန် ခက်ခဲလျှက်ရှိသည်။ အကြောင်းမှာ သမ္မတ၏ ကတိစကားများသည် ပြီးခဲ့သည့်ရက်ပိုင်း သမ္မတကိုယ်တိုင် မြန်မာပြည်အနှံ့ သွားလာလှုပ်ရှားမဲဆွယ်ရင်း ပြောခဲ့သည့်စကားများနှင့် ဆန့်ကျင်လျှက်ရှိသည်။

မည်သို့ဆိုစေ မဇ္ဈိမသည် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်သည့် ဒီမိုကရေစီအရေးတော်ပုံကြားမှ ပေါက်ဖွားလာသော တည်ကြည်ခိုင်ခံ့သည် မီဒီယာတစ်ခုဖြစ်သည့်အားလျော်စွာ အမျိုးသားပြည်လည် သင့်မြတ်ရေးရနံ့ပါသော သမ္မတမိန့်ခွန်းကို သတိဖြင့်ကြိုဆိုသည်။ ယနေ့ရွေးကောက်ပွဲရက်မှ ထွက်လာသောရလဒ်အတိုင်း တိုင်းပြည်နှင့်လူထုအတွက် ကောင်းသော အနာဂတ်ကို တည်ဆောက်နိုင်မည် ဆိုလျှင် မဲဆန္ဒရှင်ပြည်သူများနည်းတူ အထူးဝမ်းမြောက်ပါသည်။ ရွှေပြည်ကြီးကိုလည်း ကြည်စေအေးစေချင်လှပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required