ဝါးခယ်မမြို့နယ်ရှိ NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်များအားလုံး ပါတီတာဝန်မှ ရပ်နား၊ အသစ်ပြန်ဖွဲ့မည်

ဝါးခယ်မမြို့နယ်ရှိ NLD ပါတီ မြို့နယ်အလုပ်အမှုဆောင်များအားလုံး ပါတီတာဝန်မှ ရပ်နား၊ အသစ်ပြန်ဖွဲ့မည်
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ဇူလိုင် ၁၃ရက်

အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၏ အလုပ်အမှုဆောင်အားလုံးကို ပါတီဗဟိုက ဇူလိုင် ၁၂ရက်နေ့တွင် ပါတီဗဟိုက တာဝန်မှ ရပ်နားလိုက်ပြီဖြစ်သည်။

ဝါးခယ်မမြို့နယ်အလုပ်အမှုဆောင်ကော်မတီတွင် ယခင်က ဥက္ကဋ္ဌအပါအဝင် ကော်မတီဝင် ၂၇ ဦး ရှိရာ ဥက္ကဌနှင့် အတွင်းရေးမှူးဖြစ်သူမှာ အစောပိုင်းကတည်းက ပါတီတာဝန်မှရပ်နားခြင်းနှင့် ပါတီမှထုတ်ပယ်ခြင်းတို့ အသီးသီး ပြုလုပ်ပြီးဖြစ်သည်။ ဇူလိုင် ၁၂ရက် ၊နံနက်ပိုင်းတွင်တော့ ကျန်အလုပ်အမှုဆောင်အဖွဲ့ဝင်များကိုပါ ပါတီတာဝန်မှ ရပ်နားကြောင်းကို ပါတီဌာနချုပ်က စာပေးပို့ခဲ့ခြင်းဖြစ်သည်။

အရေးယူဆောင်ရွက်ခဲ့ခြင်းနှင့်ပတ်သက်၍ NLD ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပါတီစည်းကမ်းမလိုက်နာ၍ လုပ်ဆောင်ရသည်ဟု ဆိုသည်။

 "သူတို့ကတော့ ဒီပါတီစည်းမျဉ်းစည်းကမ်းအရ ထုတ်လိုက်တာပါပဲ။ ပါတီစည်းမျဉ်း စည်းကမ်းကို မလိုက်နာလို့ ထုတ်လိုက်တယ်လို့ သဘောရပါတယ်။ ပါတီက ခေါ်သတိပေးတယ်။ သတိပေးတာကို မလိုက်နာနိုင်ဘူးဆို တဲ့သဘောပေါ့လေ။သူတို့ဘက်က တုံ့ပြန်တယ်တဲ့။ အဲ့ဒါကြောင့် ထုတ်ပစ်လိုက်တာတဲ့"ဟု မုံရွာအောင်ရှင်က ပြောသည်။

သို့သော် ဝါးခယ်မမြို့နယ် NLD အလုပ်အမှုဆောင်ကော်မတီမှ အတွင်းရေးမှူးဟောင်းဖြစ်သွားသည့် ဦးအောင်ကြွယ်ကမူ ပါတီစည်း မျဉ်းစည်းကမ်း မလိုက်နာသည့်အတွက် တာဝန်မှ ရပ်နားခိုင်းခြင်းသည် ခိုင်လုံမှုမရှိသည့် အကြောင်းပြ ချက်ဖြစ်ကြောင်းနှင့် ပါတီမှ ခေါ်ယူသတိပေးခြင်းမျိုး မရှိကြောင်း ပြောသည်။

"ကျွန်တော်တို့က ခိုင်းသမျှ အကုန်လုပ်တာဗျာ။ ကိုယ့်စားရိတ်ကိုယ်စားပြီးတော့။ ဒါကမခိုင်လုံတဲ့အကြောင်းပြ ချက် လို့တော့ ထင်တာပဲ။ ဘာကြောင့်လဲဆို ကျွန်တော်တို့က ခိုင်းသမျှအကုန်လုပ်ရတာလေ။ ဗဟိုက ခိုင်းတိုင်း၊ တိုင်းကခိုင်းတိုင်း လုပ်တဲ့အခါမှာလည်း ကျွန်တော်တို့က ပါတီကညွှန်ကြားတဲ့ လမ်းညွှန်ချက်အတိုင်း လုပ်ရတာပါ။ ဒီဖြေရှင်းချက်ကြီးကိုတော့ ကျွန်တော်တို့က သဘောမတူပါဘူးခင်ဗျ။ ကျွန်တော်တို့ကို ဘယ်တုန်း ဘယ်အချိန်ကမှ ခေါ်ပြီး သတိပေးတာမျိုးမရှိပါဘူး။ အဲ့ဒီအချက်အလက်ကို ငြင်းဆိုပါတယ်။ ဘယ်နေ့ ဘယ်အချိန်ကမှ ကျွန်တော်တို့ကို ခေါ်ယူပြီး သတိပေးတာတို့ဘာတို့ မရှိပါဘူး"ဟု ဦးအောင်ကြွယ်က ပြောသည်။
 
ဝါးခယ်မ NLD မြို့နယ်ပါတီဥက္ကဌဖြစ်သူကို ပြီးခဲ့သည့် လေးလခန့်က ပါတီတာဝန်မှ စတင်ရပ်နားခဲ့ပြီး ဇူလိုင် ၁၁ရက်တွင် ကော်မတီအတွင်းရေးမှူးဖြစ်သူ ဦးအောင်ကြွယ်ကိုမူ ပါတီတာဝန်မှ ရပ်နားခြင်းအပြင် ပါတီမှလည်း ထုတ်ပယ်ခဲ့သည်။

ဥက္ကဋ္ဌဟောင်းနှင့် ကျန်အမှုဆောင်အဖွဲ့ဝင်ဟောင်းများကတော့ ပါတီဝင်အဖြစ် ဆက်လက်ရှိနေသည်။

မြို့နယ်အလုပ် အမှုဆောင်ကော်မတီအသစ်ကို ထပ်မံဖွဲ့စည်းသွားမည်ဖြစ်ပြီး ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သော ဒေါက်တာမျိုးညွန့်ကို တာဝန်ပေးထားကြောင်း မုံရွာအောင်ရှင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required