ဆွစ်ဇာလန်တွင် ကျင်းပသော မြန်မာယူပီအာဖိုရမ်က လူ့အခွင့်အရေးအခြေအနေများကို ထုတ်ပြန်

ဆွစ်ဇာလန်တွင် ကျင်းပသော မြန်မာယူပီအာဖိုရမ်က လူ့အခွင့်အရေးအခြေအနေများကို ထုတ်ပြန်

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် နိုဝင်ဘာ ၆ရက်က မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ Universal Periodic Review (UPR) လုပ်ငန်းအဖွဲ့က ပြန်လည်ဆန်းစစ်မှု များပြုလုပ်ခဲ့ပြီး မြန်မာအစိုးရကိုယ်စားလှယ်များ၏ အစီရင်ခံစာတွင် ယခင်ကပေးထားခဲ့သော ကတိကဝတ်များကို အစိုးရအနေနှင့် အကောင်အထည်ဖော်ရန် ကြိုးစားခဲ့သော ဆောင်ရွက်ချက်များအကြောင်းကို အသေးစိတ်စီကုံးဖော်ပြထားသော်လည်း ဆိုးဝါးသောလူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စိန်ခေါ်မှုများစွာအကြောင်းကိုမှု ဖော်ပြခြင်းမရှိဟု ထုတ်ပြန်ကြေညာခဲ့သည်။

စာမျက်နာ(၂၂) မျက်နှာပါ အစိုးရအစီရင်ခံစာတွင် လက်ရှိအစိုးရလက်ထက် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များအကြောင်းကို အကျယ်တဝင့်ဖော်ပြခဲ့သော်လည်း မြန်မာယူပီအာဖိုရမ် အပါအဝင် အခြားအဖွဲ့အစည်းများ၏ အစီရင်ခံစာများတွင်ပါရှိသည့် လူ့အခွင့်အရေး အခြေအနေစိုးရိမ်ပူပန်မှုများ အပေါ် ထင်ဟပ်သည့် ဖော်ပြချက်များ အလွန်နည်းပါးသောကြောင့် လက်ရှိ မြန်မာနိုင်ငံအစိုးရသည် ယခင်စစ်အုပ်ချုပ်ရေး ကာလများနည်းတူ ဆိုးဝါးသော လူ့အခွင့်အရေး အခြေအနေမှန်များကို အသိအမှတ်ပြု လက်ခံလိုစိတ် မရှိကြောင်း ဖော်ပြပြထားသည်။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ အစိုးရမှ တစ်စောင်၊ အရပ်ဘက်လူ့အဖွဲ့အစည်းများစုပေါင်း၍ှ တစ်စောင်၊ မြန်မာပြည်တွင်းရှိ ကုလသမဂ္ဂအဖွဲ့များစုပေါင်း၍ တစ်စောင် ရေးသားပေးပို့ခဲ့ပြီး ယနေ့ ဂျီနီဗာတွင် အစိုးရမှ ပေးပို့သော အစီရင်ခံစာအား မြန်မာယူပီအာဖိုရမ်က ဆွေးနွေး၍ ယခုကဲ့သို့ထုတ်ပြန်ကြေညာခြင်းဖြစ်သည်ဟု ဖိုရမ်သို့ ကိုယ်စားလှယ်တစ်ဦးစေလွှတ်ထားသည့် ညီမျှခြင်းမြန်မာအဖွဲ့မှ ဦးဂျိုးဇက်ဝါးက ပြောသည်။

တရားရေးစနစ် အမှီအခိုကင်းအောင်ကြိုးပမ်းထားကြောင်း အစိုးရအစီရင်ခံစာတွင် ဖော်ပြထားသော်လည်း မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်တွင် တရားရေးအာဏာပိုင်များ၏ ဆုံးဖြတ်ခွင့်အာဏာကို အုပ်ချုပ်ရေးမှ ဝင်ရောက်စွက်ဖက်သော သာဓကများစွာရှိနေသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဖိုရမ်တက်ရောက်နေသည့် ညီမျှခြင်း မြန်မာ၏ ညွန်ကြားရေးမှူးဖြစ်သူ ဦးအောင်မျိုးမင်းက ''ကျယ်ကျယ် ပြန့်ပြန့်ဖြစ်ပေါ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေ၊ လာဘ်ပေး လာဘ်ယူမှုတွေရှိနေတာ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေအပေါ် မမျှတဲ့ ပြစ်ဒဏ်ချမှတ်တာ၊ လွတ်လပ်ပြီးအမှီအခိုကင်းတဲ့ နိုင်ငံတော်အဆင့် ရှေ့နေကောင်စီမရှိတာ၊  ကျူးလွန်တဲ့ တပ်မတော် သားများအပါအဝင် လုံခြုံရေးဝန်ထမ်းတွေအပေါ့် အပြစ်ပေးအရေးယူခံရတာကနေ ကင်းလွတ်နေတာတွေက  မြန်မာနိုင်ငံတရား ရေးစနစ်ကို အခုအချိန်ထိ စိန်ခေါ်နေဆဲပါ” ဟု ဆိုသည်။

အစိုးရအစီရင်ခံစာတွင် ဥပဒေပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍  ၂၀၁၁ ခုနှစ်မှစ၍ အစီရင်ခံစာတင်သွင်းချိန် အထိ ဥပဒေပေါင်း (၁၇၁) ကို ပြင်ဆင်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းတို့ ပြုလုပ်နိုင် ခဲ့ကြောင်း  ဖော်ပြထားသည်။

UPR လုပ်ငန်းအဖွဲ့ကမှု ၁၈၆၁ ခုနှစ် ရာဇသတ်ကြီးဥပဒေ၊ ၁၉၀၈ ခုနှစ် တရားမဝင်အသင်းဥပဒေ တို့အပြင် အသစ်ပြဋ္ဌာန်းထားသော မီဒီယာဥပဒေများ၊ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ၊ လွတ်လပ်စွာစုဝေးခွင့်နှင့် လွတ်လပ်စွာစီတန်း လှည့်လည်ခွင့်ဥပဒေ၊ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးဥပဒေများနှင့် အစွန်းရောက်ဗုဒ္ဓဘာသာ အမျိုးသားရေးအဖွဲ့များ အားကောင်း လာခြင်းကို တွေ့နေရသည်ဟု သုံးသပ်ထားသည်။

 “ဒီလိုအခြေအနေမျိုးတွေဟာ အခြေခံ အခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ သင်းပင်းဖွဲ့စည်းခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်နှင့် အမျိုးသမီးများ၏ လူ့အခွင့်အရေးတို့အပေါ် ခြိမ်းခြောက်နေတဲ့ အခြေခံ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်” ဟု Smile Education and Development Foundation ဒါရိုက်တာ ဦးမျိုးဝင်းက ပြောကြားသည်။

ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသားတန်းတူရေးရရှိနိုင်ခွင့်တို့နှင့် ပတ်သက်၍ ဌာနေတိုင်းရင်းသားများညွန့်ပေါင်းအဖွဲ့မှ ကိုယ်စားလှယ် Mr. Lian Bawi Thang က “အစိုးရအစီရင်ခံစာထဲမှာ  ဌာနေတိုင်းရင်းသားအခွင့်အရေးတွေနဲ့ ပတ်သက်၍ တလုံးမှ မဖော်ပြထားပါဘူး။ တိုင်းရင်းသားတွေအတွက် ပိုစိုးရိမ်စရာကောင်းတာက အစိုးရအစီရင်ခံစာထဲမှာ အမွှန်းတင်ထားသလို အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး  မြင်သာတဲ့ အကောင်အထည်ဖော်မှုတွေ ရှိနေပေမဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်တွေကို လက်မှတ်မထိုးခင် အချိန်ကလိုပဲ ပြင်းထန်တဲ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေဆဲပါ” ဟုပြောသည်။

 နိုင်ငံတော်အစိုးရအနေဖြင့် အောက်ခြေတွင်ဖြစ်ပေါ်နေသော လူ့အခွင့် အရေး ပကတိအခြေအနေမှန်ကို အသိအမှတ်ပြုလက်ခံ၍ လူ့အခွင့်အရေး စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် စစ်မှန်သော ကြိုးပမ်းမှုများပြုလုပ်ခြင်းဖြင့် စစ်မှန်သော ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတစ်ခု လျှောက်လှမ်းရန် မြန်မာယူပီအာဖိုရမ်က တိုက်တွန်းတောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly