အသက်ရှင်နှုန်းများတဲ့ ကင်ဆာရောဂါများ

အသက်ရှင်နှုန်းများတဲ့ ကင်ဆာရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Htet Htet Zaw Win

ကင်ဆာရောဂါ ဆိုတာ ဘယ်သူမှ မကြားချင်တဲ့ ဆေးစစ်ချက် အဖြေပါပဲ။ ကင်ဆာလို့များ ကြားလိုက်တာနဲ့ သေမိန့်ကျထားတဲ့ လူတစ်ယောက်လိုပါပဲ။ လူရော စိတ်ရော ချုံးချုံးကျ သွားပြီး ‘အိမ်ပဲပြန်ပါတော့မယ် ဆရာမရယ်၊ လှူစရာရှိတာလေးတွေ လှူပြီး ကိုယ့်နောက်ပါအောင်ပဲ လုပ်ပါတော့မယ်’လို့ ပြောပြီး ပြန်သွားကြတဲ့သူတွေ တစ်ပုံကြီးပါ။ နောက်တစ်ခုက ကင်ဆာကုထုံးတွေကို လက်မခံချင်တာပါ။ သောက်ဆေးတွေ၊ ဆေးသွင်းတာတွေ၊ ရောင်ခြည်ပြတာတွေကြောင့် ဆံပင်တွေကျွတ်တာ၊ အစားအသောက်ပျက်တာကို မခံချင်လို့ မကုကြတာတွေလည်း ရှိပါတယ်။

ဒါပေမယ့် ခုခေတ်မှာက ဆေးဝါးတွေက အရင်ကထက် ပိုတိုးတက်လာပြီး ကုသနည်းတွေလည်း ပိုစုံလာပါပြီ။ လူနာကို ဆေးရဲ့ ဘေးထွက်ဆိုးကျိုးနည်းနည်းနဲ့ ကုနိုင်အောင် တီထွင်လာကြပါပြီ။ ကင်ဆာကိုလည်း ဒီထက်ပိုသက်သာအောင် ကုလာနိုင်ကြပါပြီ။ ဒါကတော့ ဝမ်းသာစရာ သတင်းကောင်းပါပဲ။ အရင်ကထက်စာရင်လည်း ကင်ဆာကို ပိုပြီး သက်သာအောင် ကုလာနိုင်ပါပြီ။

ဒါပေမယ့် ကင်ဆာဆိုတာ အမြစ်ပြတ်အောင် ကုလို့ မရဘူးဆိုတာ လူတိုင်းသိပါတယ်။ ဆိုလိုတာက ခုပျောက်သွားလဲ ပုံမှန်ရက်ချိန်းပြန်ပြပြီး ကင်ဆာကို စောင့်ကြည့်နေရတာပါ။  ပြန်မကြွဘဲ အကြာကြီး ငြိမ်နေတဲ့ ကင်ဆာတွေလည်း ရှိပါတယ်။ လူနာတွေက ကင်ဆာကို ကုမယ်ဆိုရင် မေးတတ်တာက ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲဆိုတာပါပဲ။ ဒါကို ဆေးပညာမှာ ၅နှစ် အသက်ရှင်နှုန်း 5 years survival rate လို့ ခေါ်ပါတယ်။

ဆိုပါတော့ ကင်ဆာတစ်ခုရဲ့  5 years survival rateက ၇၀ရာခိုင်နှုန်းဆိုရင် ဒီကင်ဆာဖြစ်တဲ့သူတွေ ၁၀၀မှာ ၇၀က ၅နှစ်အထိ ရှင်နိုင်တယ်လို့ပြောတာပါ။ ဒါက အတိအကျတော့ မဟုတ်ပါဘူး။ ဒီ survival rateက ကင်ဆာ တစ်ခုနဲ့ တစ်ခု မတူသလို ကင်ဆာတစ်ခုတည်းမှာတောင်မှ အဆင့် တစ်ခုနဲ့ တစ်ခု မတူပါဘူး။ ဘယ်ကင်ဆာတွေက အသက်ရှင်နှုန်းများသလဲ။ ကြည့်ကြည့်ရအောင်။

အသက်ရှင်နှုန်းများတဲ့ ကင်ဆာရောဂါ များ

  • ရင်သားကင်ဆာ

ရင်သားကင်ဆာ ကနဦးအဆင့်တွေဆိုရင် 5 years survival rateက ၉၉-၁၀၀ ရာခိုင်နှုန်းထိ ရှိပါမယ်။ ဆိုလိုတာက ဒီအဆင့်မှာ တွေ့ခဲ့မယ်ဆိုရင် ၅နှစ်အထိအသက်ရှင်နှုန်းက ရောဂါမရှိတဲ့သူတွေနဲ့ အတူတူပါပဲ (၁၀၀ရာခိုင်နှုန်း ရှင်နိုင်စွမ်း) လို့ ဆိုလိုတာပါ။ ဒီအဆင့်မှာ တွေ့မှ အသက်ရှင်နှုန်း မြင့်မှာပါ။ အဆင့်မြင့်လာလေလေ ရှင်နှုန်းနည်းလာလေလေပါ။ ရင်သားကင်ဆာကျိတ်က စမ်းရလွယ်တာမို့လို့  စောစောသိဖို့ အခွင့်အရေးများတာကလည်း သူ့ရဲ့ အားသာချက်ပါပဲ။

  • ဆီးကျိတ်ကင်ဆာ

ဆီးကျိတ်ကင်ဆာကလည်း အဆင့် ၁၊ ၂ လောက်ဆိုရင် ၅နှစ်ရှင်နိုင်နှုန်းက ၉၉ရာခိုင်နှုန်းထိ ရှိပါတယ်။ နောက်ပြီး အကျိတ်က ကြီးတာနှေးပါတယ်။ ဒါကြောင့် အဆင့်တက်တာလည်း နှေးပါတယ်။ ကုလို့သက်သာသွားတာလည်း များပါတယ်။

ဝှေးစေ့မှာပဲ အကျိတ်က ရှိတယ်ဆို 5 years survival rateက ၉၉ရာခိုင်နှုန်းဖြစ်ပြီး သူ့အနီးအနားက တစ်ရှူးတွေ၊ ပြန်ရည်ကျိတ်တွေကို ပျံ့သွားမယ်ဆိုရင်တော့ ၉၆ရာခိုင်နှုန်း ရှိပါတယ်။ စောစောသိလို့ ခွဲစိတ်ကုသလိုက်ရင် မြန်မြန်သက်သာပါတယ်။ အပြင်ကို ပျံ့သွားမှဆိုရင် သိပ်မထူးတော့ပါဘူး။

  • သိုင်းရွိုက်ကင်ဆာ

သိုင်းရွိုက်ကင်ဆာတိုင်း မဟုတ်ပေမယ့် တချို့အမျိုးအစားတွေက အဆင့် ၁၊ ၂ လောက်ပဲ ဆိုရင်တော့ ရှင်နိုင်စွမ်းက ၉၈ကနေ ၁၀၀ရာခိုင်နှုန်းပါ။ လည်ပင်းမှာရှိနေတဲ့အတွက် တစ်ခုခု အကျိတ်ထွက်လာပြီဆို သိလွယ်ပါတယ်။ အကျိတ်က ကြီးတာလည်း နှေးတဲ့အတွက် ကုဖို့ အချိန်ပိုရပါတယ်။ ဘေးနားက တစ်ရှူးတွေကို အနည်းအပါးပြန့်သွားခဲ့ရင်တောင် သိုင်းရွိုက်ဂလင်းကို ဖယ်ထုတ်လိုက်တာက အကျိုးရှိနေပါသေးတယ်။

  • မှဲ့ကင်ဆာ

ကင်ဆာနုသေးရင် ရှင်နိုင်စွမ်းက ၉၂ကနေ ၉၇ ရာခိုင်နှုန်းပါ။ မှဲ့ကင်ဆာက မြင်လွယ်တဲ့အတွက် တစ်ခုခု ပြောင်းလဲနေပြီဆိုရင် အသိမြန်ပါတယ်။ ဒါကို မကုဘဲထားလို့ အရေပြားအတွင်းထဲထိ ရောက်သွားရင် ကုရခက်ပါလိမ့်မယ်။

  • သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာက စောစောသိရင် ရှင်နိုင်စွမ်းက ၉၃ ရာခိုင်နှုန်းပါ။ စောစောသိလို့ ကုလိုက်ရင် တခြားနေရာကို မပြန့်တော့ပါဘူး။ နောက်ပြီး သူက ပြန့်တာလည်း နှေးပါတယ်။ ဒါကြောင့် ကုဖို့ အချိန်ရပါတယ်။

အဆင့် ၁၊ ၂လောက်ဆိုရင် 5 years survival rateက ၉၀ရာခိုင်နှုန်း ရှိပါတယ်။ ကောင်းတဲ့အချက်က ကင်ဆာဆဲလ်တွေက ရောင်ခြည်ပြတာနဲ့ သက်သာသွားတာပါပဲ။ ဆိုလိုတာက အဆင့်နည်းနည်းမြင့်လာသည့်တိုင်အောင် အသက်ရှင်နှုန်းက မြင့်တုန်းပါပဲ။ ကုလို့ သက်သာနေတာကိုး။ ဒါပေမယ့် ပြန်ရည်ကျိတ်တိုင်းတော့ မဟုတ်ပါဘူး။ တချို့အမျိုးအစားတွေပါ။

ကင်ဆာတွေရဲ့ သဘောတရားကတော့ စောစောသိမယ်၊ မြန်မြန်ကုမယ်၊ ပြန့်တာလည်း နှေးတယ်ဆိုရင် အသက်ရှင်နှုန်းများပါတယ်။ ကင်ဆာတွေရဲ့ ပြဿနာက ဘာလက္ခဏာမှ မပြလို့ အသိနောက်ကျပြီး ပြန့်ကုန်တာကြောင့် အဆင့်တွေ တက်လာတာတာပဲ ဖြစ်ပါတယ်။ ဒီတော့ ကုရခက်တာပေါ့။ အပေါ်က ကင်ဆာတွေက စမ်းရပြုရလွယ်ပြီး မြင်သာလို့  စောစောကုနိုင်တဲ့ ကင်ဆာတွေပါ။ ဒါကြောင့် အသက်ရှင်နှုန်းများတဲ့ ကင်ဆာတွေထဲမှာ ပါနေတာပေါ့။ ဒါကြောင့် ကင်ဆာတွေရဲ့ လက္ခဏာတွေကို စောစောသိဖို့ လိုအပ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required