အသည်းရောင်အသားဝါ စီပိုး ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး သိထား သင့်တဲ့အချက်များ

အသည်းရောင်အသားဝါ စီပိုး ကူးစက်ပျံ့နှံ့မှုနဲ့ ပတ်သက်ပြီး သိထား သင့်တဲ့အချက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Thiha Phyo Myint

အသည်းရောင်အသားဝါ စီပိုးဟာ ကူးစက်ပျံ့နှံ့လွယ်တဲ့ ဗိုင်းရပ်စ်တစ်ခုဖြစ်ပြီး  လူတစ်ယောက်ကနေ တစ်ယောက်ကို သွေးကတဆင့် အဓိက ကူးစက်ပါတယ်။ ဒါ့အပြင် အသည်းရောင်အသားဝါစီပိုးက ပတ်ဝန်းကျင် အခြေအနေအမျိုးမျိုးပေါ် မူတည်ပြီး ခန္ဓာကိုယ်အပြင်ဖက်မှာ ရှင်သန်နိုင်ချိန် ကွဲပြားပါသေးတယ်။

၂၀၁၃ ခုနှစ် တုန်းကပြုလုပ်ခဲ့တဲ့ လေ့လာမှုအရတော့ အသည်းရောင်အသားဝါစီပိုးက ပတ်ဝန်းကျင်အပူချိန် အပူချိန် ၃၉.၂ ဒီဂရီဖာရင်ဟိုက် (၄ ဒီဂရီစင်တီဂရိတ်) နဲ့ ၇၁.၆ ဒီဂရီဖာရင်ဟိုက် (၂၂ ဒီဂရီစင်တီဂရိတ်) အတွင်းမှာ ၆ နာရီအထိ ရှင်သန်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ဗိုင်းရပ်စ်ပိုးရှိနေတဲ့သွေးဟာ အရာဝတ္ထု မျက်နှာပြင်တွေ (ဥပမာ – စားပွဲ၊ ထိုင်ခုံ) ပေါ်မှာ ပေကျံနေမယ်ဆိုရင်လည်း သွေးနဲ့ထိတွေ့မိသူကို ရောဂါကူးစက်နိုင်ပါတယ်။ သွေးပမာဏများလေ ကူးစက်နိုင်ချေ မြင့်လေပါပဲ။ ဒီလိုကူးစက်မှုကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ဖို့အတွက် ထိတွေ့ကိုင်တွယ်မယ့် အရာဝတ္ထုမျက်နှာပြင်တွေကို အစွန်းချွတ်ဆေး ဒါမှမဟုတ် အီသနောပါဝင်တဲ့ ပိုးသတ်ဆေးတစ်မျိုးမျိုးနဲ့ တိုက်ချွတ်ပြီး ဗိုင်းရပ်စ်ကို သတ်ပစ်နိုင်ပါတယ်။

အသည်းရောင်အသားဝါ စီပိုးဟာ ဆေးထိုးအပ်တွေထဲမှာလည်း အချိန်ကြာကြာ နေထိုင်နိုင်ပါတယ်။ Tuberculin syringes လို့ခေါ်တဲ့ ဆေးထိုးအပ် အသေးစားတွေထဲမှာ ၆၃ ရက်အထိ အသက်ရှင်နေနိုင်စွမ်းရှိတယ်လို့ ဆိုပြီး ပိုကြီးတဲ့ဆေးထိုးအပ်တွေထဲမှာဆိုရင်တော့ ဒီထက်တောင် အချိန်ကြာကြာ ရှိနေနိုင်ပါတယ်။

အသည်းရောင်အသားဝါ စီပိုးက ဘယ်နည်းနဲ့အဓိကကူးစက်သလဲ

အပေါ်မှာပြောခဲ့သလို ရောဂါပိုးရှိသူရဲ့ သွေးကနေအဓိက ကူးပါတယ်။ ဒါ့ကြောင့် အောက်ပါနည်းတွေနဲ့ အများဆုံးကူးတာတွေ့ရပါတယ်။

– မသန့်ရှင်းတဲ့ ဆေးထိုးအပ်ကို တစ်ယောက်နဲ့တစ်ယောက် မျှဝေသုံးစွဲခြင်း

– ရောဂါရှိသူ ထိခိုက်ဒဏ်ရာရသွားချိန်မှာ အကာအကွယ်မဝတ်ဆင်ဘဲ ကိုင်တွယ်ပြုစုမိရာကနေ သွေးနဲ့ထိတွေ့ မိပြီးကူးစက်ခြင်း

– အသည်းရောင်အသားဝါစီပိုးရှိသူ မိခင်မှ ကလေးမွေးဖွားတဲ့အခါ မိခင်ကနေ ကလေးကိုကူးစက်သွားခြင်း

စတဲ့နည်း ၃ နည်းနဲ့ အဓိကကူးစက်တတ်ပြီး ရောဂါရှိသူနဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေဖြစ်တဲ့ မုတ်ဆိတ်ရိတ်စက်၊ သွားတိုက်တံများမျှဝေအသုံးပြုခြင်း၊ လိင်ဆက်ဆံခြင်း တို့ကနေလည်း ကူးစက်မှုတချို့ ရှိတတ်ပါသေးတယ်။

ဘယ်သူတွေ အသည်းရောင်အသားဝါ စီပိုး အကူးစက်ခံရနိုင်ဆုံးလဲ

– အကြောဆေးထိုးသွင်းအသုံးပြုဖူးသူတွေ

-မကြာခဏ သွေးသွင်းကုသမှု ခံယူနေရသူ (ဒါမှမဟုတ်) ခန္ဓာကိုယ်အစိတ်အပိုင်း အစားထိုးကုသမှု ခံယူဖူးသူတွေ

– မိခင်မှာလည်း အလားတူရောဂါရှိသူတွေ

– ကျန်းမာရေးဝန်ထမ်းတွေ

– ခုခံအားကျဆင်းမှုရောဂါဖြစ်ပွားနေသူတွေ စတဲ့သူတွေပဲ ဖြစ်ပါတယ်။

အသည်းရောင်အသားဝါ စီပိုးကူးစက်ခြင်းနဲ့ ပတ်သက်တဲ့ အမှားအယွင်းများ

လူအတော်များများက အောက်ပါနည်းလမ်းတွေနဲ့အသည်းရောင်အသားဝါစီပိုး ကူးစက်ခံရနိုင်တယ်လို့ ထင်နေကြပါတယ်

– နှာချေခြင်း၊ ချောင်းဆိုးခြင်း

– အိမ်အသုံးအဆောင်ပစ္စည်းများမျှဝေသုံးစွဲခြင်း

– အစားအသောက်များအတူဝေမျှစားသုံးခြင်း

– မိခင်နို့တိုက်ကျွေးခြင်း (နို့သီးခေါင်းအက်ကွဲနေရင်တော့ကူးစက်နိုင်ပါတယ်)

– ပွေ့ဖက်ခြင်း၊ လက်ကိုင်ခြင်း

– နမ်းရှုံ့ခြင်း

ဒီလိုနည်းလမ်းတွေနဲ့ အသည်းရောင်အသားဝါစီဗိုင်းရပ်စ်မကူးစက်နိုင်ပါဘူး။

ကူးစက်နိုင်ခြေနိမ့်တာကြောင့် အသည်းရောင်အသားဝါစီပိုးကို လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါလို့ ခေါင်းစဉ်မတပ်ထားပေမဲ့ အောက်ပါ အုပ်စုထဲ ပါဝင်နေရင်တော့ လိင်ဆက်ဆံရာကနေ စီပိုးကူးစက်ခံရနိုင်ပါတယ်

– အပျော်အပါးလိုက်စားသူများ

-ဓမ္မတာနှင့်ဆန့်ကျင်သော လိင်ဆက်ဆံမှု နည်းလမ်းများ ကျင့်သုံးသူများ (ဥပမာ-စအိုမှတစ်ဆင့် လိင်ဆက်ဆံခြင်း)

– နဂိုကတည်းက လိင်မှတစ်ဆင့်ကူးစက်သော ရောဂါတစ်မျိုးမျိုးရှိသူများ

– ခုခံအားကျဆင်းမှုရောဂါရှိသူများ

– ရာသီသွေးဆင်းနေချိန်တွင်လိင်ဆက်ဆံသူများ

– လိင်အင်္ဂါတွင် ဒဏ်ရာ၊ အနာတရ ဖြစ်နေချိန်တွင် လိင်ဆက်ဆံသူများ

– Sex toy များအား မျှဝေသုံးစွဲလေ့ရှိသူများ

စတဲ့အပြုအမူရှိသူတွေဆိုရင်တော့ တခြားသူတွေထက် လိင်ကနေတစ်ဆင့် အသည်းရောင်အသားဝါစီပိုး ပိုပြီးကူးစက်ခံရနိုင်ချေ ရှိတာကို သိထားသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required