ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Yun Sandi Nan Mon
ကိုစတာရီကာ၊ ဂရိနဲ့ ဂျပန် တို့လို အသက်ရှည်သူ အများဆုံးရှိတဲ့ နိုင်ငံတွေမှာ ဖိုးသက်ရှည်၊ ဖွားသက်ရှည်တွေ များတဲ့ အပြင် ကျန်းမာရေးလည်း ပိုကောင်းကြပါတယ်။ ဒါပေမယ့် ယဉ်ကျေးမှု နဲ့ အလေ့အထဆိုင်ရာ လျှို့ဝှက်ချက်တွေ ဆိုတာလည်း တကယ်တော့ ထူးထူးခြားခြား မရှိနေပါဘူး။ သူတို့က –
- သဘာဝကျကျ လှုပ်လှုပ်ရှားရှားနေတယ်၊
- ဘဝကို ရည်ရွယ်ချက်ရှိရှိ အသက်ရှင်တယ်၊
- ဒါမှမဟုတ် နေ့တိုင်း ဝိုင်နီ တစ်ခွက်သောက်တယ် ဒါမျိုးပါပဲ။
ကမ္ဘာ့နေရာ အနှံ့ က နေရာတိုင်းမှာ နိစ္စဓူဝ လှုပ်ရှားလုပ်ကိုင်မှု တွေက ဒီလို ကွာခြားနိုင်တယ် ဆိုပေမယ့် တူညီနေတာ တစ်ခုက အိပ်စက်ခြင်း အလေ့အကျင့် ကောင်းမွန် မှန်ကန်တာပဲ ဖြစ်ပါတယ်။ တကယ်တော့ အိပ်စက်ခြင်းဟာ လူ့ကျန်းမာရေးအတွက် အရမ်းကိုအရေးကြီးတာ ဖြစ်ပါတယ်။
တစ်ညကို ၇ နာရီ/၈နာရီ အိပ်စက် အနားယူနိုင်ဖို့ ဦးစားပေး ပြောကြပေမယ့် ပိုအသေးစိတ်တာ ရှိပါသေးတယ်။ အိပ်စက်ခြင်း မှန်ကန်ဖို့ ဒီအချက် ၈ ချက်နဲ့ ညီမညီ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်လို့ ရပါတယ်။
(၁) ကိုယ့် အိပ်စက်ခြင်း ကို ဟောက်သံ နဲ့ ဆန်းစစ်ပါ။
ဥပမာ ဟောက်သံ သိပ်ကျယ်တဲ့သူလား၊ အိပ်ရာနိုးရင် အရမ်းမောပန်းနေတတ်လား စတဲ့ ဟောက်ခြင်း နဲ့ ပတ်သက်တဲ့ ရောဂါလက္ခဏာတွေ သတိထားရပါမယ်။
(၂) အိပ်ရာခင်း နဲ့ ခေါင်းအုံးကို သက်တောင့်သက်သာအဖြစ်ဆုံးဖြစ်အောင်ထားပါ။
သန့်ရှင်းမှုရော၊ သက်တောင့်သက်သာဖြစ်မှု ကိုပါ တန်းတူ အလေးထားရပါမယ်။
(၃) အိပ်ခန်းမှာ အပူချိန်ကို ထိန်းညှိပါ။
ဥပမာ(65°F)။
(၄) အိပ်ရာမဝင်ခင် မီးအလင်းရောင်ကို လျှော့ပါ။
(၅) အိပ်စက်နေချိန် အနှောင့်အယှက်ပေးမယ့်အလင်းရောင်မျိုးမထားပါနဲ့။
ဥပမာ- မီးလုံးလေး မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့ နှိုးစက်။
(၆) အီလက်ထရောနစ်ပစ္စည်းတွေ အနား မထားပါနဲ့။
ကွန်ပျူတာ၊ တီဗီ၊ လက်ကိုင်ဖုန်း စတာတွေကို အိပ်ရာဘေးမထားပါနဲ့။
(၇) အိပ်ရာထဲ ဖုန်းမကြည့်ပါနဲ့။
(၈) အိပ်ရာထဲမှာ အိပ်တာကလွဲရင် ဘာမှမလုပ်ပါနဲ့။
အိပ်ရာထဲ တီဗီကြည့်တာ၊ မုန့်စားတာ၊ လှိမ့်လိုက်စာဖတ်လိုက်လုပ်တာ၊ တခြားအလုပ်တွေ လုပ်တဲ့ အကျင့် ရှိတဲ့အခါ ညဘက် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ခြေ နည်းစေတတ်ပါတယ်။
ဒီအချက်တွေ ကိုယ်နဲ့ ဘယ်နှချက် ကိုက်ညီ/လွဲချော်နေပါသလဲ။ အသက်လေးရှည်စေလို ခြင်ထောင်အရိပ်ခိုဖို့ လည်း အရေးကြီးပါတယ်နော်။
ဒီလိုပြောလို့လည်း မထတမ်း အရမ်းအိပ်ဖို့လည်းမလိုပါဘူး၊ လျှော့အိပ်ဖို့လည်း မသင့်ပါဘူး။ အိပ်စက်ခြင်း နဲ့ ပတ်သက်တဲ့ အမူအကျင့် သေးသေးလေးတွေကို ပြုပြင်လိုက်တာ နဲ့ ကျန်းမာရေး မှာ ထူးခြားတဲ့ ကောင်းကျိုး ရလာမှာ သေချာပါတယ်။ နိုးထလာတဲ့ မနက်ဖြန်တိုင်း လူသစ်စိတ်သစ် ကျန်းမာခြင်း အသစ် တွေ မွေးဖွားလာစေမှာ မယုံမရှိပါနဲ့။