Dementia ကို ကာကွယ်ပေးမယ့် ဆေးဖက်ဝင်အပင်တွေက ဘာတွေများလဲ

Dementia ကို ကာကွယ်ပေးမယ့် ဆေးဖက်ဝင်အပင်တွေက ဘာတွေများလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Aye Thi Mon

မှတ်ဉာဏ်တွေက မေ့တတ်လာတဲ့ Dementia ဖြစ်မှာကို စိုးရိမ်နေပြီလား။ ဒါဆိုရင် မဖြစ်ခင်က ကြိုတင် ကာကွယ်လို့ရအောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ဆေးဖက်ဝင် အပင်လေးတွေကို မှီဝဲလိုက်တော့နော်။

Dementia ဆိုတာကဘာလဲ………

Dementia ဆိုတာက မှတ်ဉာဏ်ပိုင်းဆိုင်ရာ၊ တွေးခေါ်နိုင်စွမ်းနဲ့ စကားပြောနိုင်စွမ်းတွေ ထိခိုက်လာတာပါ။ တစ်ခုမကသော ရောဂါတွေ စုပြုံပြီး ဖြစ်လာတဲ့အခြေအနေမျိုးပါ။ သတိမေ့ရုံလောက်နဲ့တော့ Dementia ဖြစ်နေပြီလို့ မဆိုသာပါဘူး။

Dementia ရဲ့ လက္ခဏာတွေက ဘာတွေများလဲ ……..

Dementiaရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

• သတိမေ့မယ်
• စကား ပြောဆိုချိတ်ဆက်နိုင်စွမ်း နဲ့ ပုံမှန် လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ရာမှာ အခက်တွေ့လာမယ် (လုပ်နေကျ အလုပ်တွေကို ဘယ်လိုစလုပ်ရမလဲ မေ့နေတာမျိုးပေါ့)
• ရောက်နေတဲ့ နေရာ နဲ့ အချိန်ကာလတွေကို သေချာ မမှတ်မိဘဲ ဝေဝါးနေမယ်
• ကိစ္စရပ်တွေကို အသေးစိတ် စဉ်းစားတွေးတောဖို့ ခက်ခဲလာမယ်
• ပစ္စည်းတွေ အထားမှားမယ်
• ရုတ်တရက် ကိုယ်အမူအရာ၊ နေပုံထိုင်ပုံနဲ့ စိတ်ခံစားမှုပြောင်းလဲလာမယ်
• လုပ်ဆောင်နိုင်စွမ်းတွေ လျော့နည်းလာပြီး အလုပ်မှာ စိတ်မပါတော့တာမျိုး စတာတွေခံစားရနိုင်ပါတယ်။

Dementia ကို ကာကွယ်ပေးမယ့် ဆေးဖက်ဝင်အပင်တွေက ဘာတွေများလဲ……….

နေ့စဉ် စားသုံးနေကျ အစားအစာတွေထဲမှာ ထည့်သွင်းစားပေးရုံနဲ့ Dementia ကို ကာကွယ်ပေးနိုင်မယ့် ဆေးဖက်ဝင် အပင်လေးတွေကတော့

ပူစီနံ 

စမူဆာသုပ်တွေ၊ ဘရာကြော်သုပ်တွေ။ ပဲသုပ်တွေထဲမှာ ထည့်သုပ်စားကြသလို ဒံပေါက်၊ ကြက်သားပလာတာတို့နဲ့ တွဲစားတဲ့ အချဉ်တွေထဲမှာလည်း ထည့်စားတတ်ကြပါသေးတယ်။ မုန့်ဟင်းခါးထဲမှာထည့်စားကြသလို အတို့အမြှုပ်အနေနဲ့ စားလေ့ရှိကြတဲ့ ပူစီနံက အနံ့မွှေးမွေးလေးနဲ့ ခံတွင်းရှင်းစေတယ်၊ အစာကြေစေတယ်ဆိုတာထက် ပိုတဲ့ကျန်းမာရေး အာနိသင်ရှိနေပါတယ်။

ဒါကတော့ သိမြင်မှုစွမ်းရည် ကျဆင်းတာကို ကာကွယ်ပေးနိုင်တာပါ။ အသက်အရွယ်ရလာလို့ သတိမေ့တာ၊ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းလာတာ နဲ့ တွက်ချက်မှုခက်ခဲလာတဲ့  ပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ၂၀၀၃ ခုနှစ်က လုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ပူစီနံရွက်ကို စားသုံးပေးတာက အယ်လ်ဇိုင်းမားရောဂါခံစားနေရသူတွေမှာ သိမြင်မှုစွမ်းရည်ကို တိုးတက်စေနိုင်တယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။

ပူစီနံ ပုံမှန်စားသုံးပေးတာက အာရုံစူးစိုက်နိုင်စွမ်းကောင်းစေသလို  မှတ်ဉာဏ်စွမ်းရည်ကိုလည်း တိုးတက်စေနိုင်တယ်၊လို့ ၂၀၁၄ ခုနှစ်မှာ လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုအရသိရပါတယ်။ ဒါကြောင့် Dementia ကို ကာကွယ်ဖို့ နေ့စဉ် လက်တစ်ဆုပ်စာလောက် ပုံမှန် စားပေးသင့်ပါတယ်။

မြင်းခွာရွက်

သုပ်ပဲစားစား၊ ဟင်းရည်ပဲချက်သောက်သောက်၊ တို့ပဲစားစား စားလို့ရတဲ့ မြင်းခွာရွက်က မှတ်ဉာဏ်စွမ်းရည် တိုးတက်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ သိရတာက ဆေးဖက်ဝင်အပင်တွေက ဦးနှောက် နဲ့ မှတ်ဉာဏ်စွမ်းရည်ကို ထိခိုက်စေနိုင်တဲ့ oxidative stress တွေကို တိုက်ထုတ်ပေးတယ် ဆိုတာပါ။

၂၀၀၃ ခုနှစ်က လုပ်ခဲ့တဲ့ လေ့လာမှုတွေအရလည်း မြင်းခွာရွက် စားသုံးပေးတာက သိမြင်မှုစွမ်းရည်ကို တိုတက်စေနိုင်သလို မှတ်ဉာဏ်ကောင်းစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

 ကမ္ဘာဦးပင် (Ginkgo biloba)

ကမ္ဘာဦးပင်ကို ရှေးယခင်ကာလတွေ ကတည်းက dementia ရောဂါကို ကုသဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ ကမ္ဘာဦးပင်က ဦးနှောက်ဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေနိုင်ပါတယ်။

နောက်တစ်ချက်က ကမ္ဘာဦးပင်က အယ်လ်ဇိုင်းမားရောဂါ နဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ ပြဿနာတွေကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်တာပါ။ စိတ်ဓာတ်ကျတာနဲ့ အခြား စိတ်ကျန်းမာရေး ပြဿနာတွေကို သက်သာစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။

ဂျင်ဆင်း

ဂျင်ဆင်းက ဆေးဖက်ဝင်တယ်ဆိုတာကို ရှေးယခင်ကာလတွေကတည်းက လက်ခံလာခဲ့ကြတာပါ။ ဂျင်ဆင်းက ဦးနှောက်ကျန်းမာရေးကို အထိရောက်ဆုံး တားဆီးပေးနိုင်ပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ မှတ်မိနိုင်စွမ်း တိုးစေသလို စိတ်ခံစားမှု ကောင်းစေဖို့လည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

နနွင်း

ဟင်းချက်တဲ့အခါ အရောင်အသွေးနဲ့ အနံ့အရသာတွေ ပြည့်စုံစေဖို့ နနွင်းကို ထည့်ချက်လေ့ရှိကြပါတယ်။ နနွင်းက ဆေးဖက်ဝင်တယ်ဆိုတာကို ထွေထွထူးထူးပြောနေစရာမလိုအောင်ပါ။ နနွင်းမှာပါတဲ့ curcumin ဒြပ်ပေါင်းက ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝသလို ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။

ဦနှောက်ကို ကျန်းမာစေနိုင်ပြီး နှလုံးရောဂါ နဲ့ ကင်ဆာဝေဒနာ မခံစားရအောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် dementia ရောဂါမဖြစ်စေဖို့ နနွင်းကို စားသုံးပေးလို့ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required