COVID-19 လူနာအမျိုးသားများ၏ သုက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ဟု တရုတ်သိပ္ပံပညာရှင်များ ပြော

COVID-19 လူနာအမျိုးသားများ၏ သုက်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ဟု တရုတ်သိပ္ပံပညာရှင်များ ပြော

မေ ၈

COVID-19 လူနာအမျိုးသားတချို့၏ သုက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ရှိနေသည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း တရုတ် သိပ္ပံပညာရှင်များက ထုတ်ပြန်ပြောကြားသည်။

တရုတ် သုတေသီအဖွဲ့တစ်ခုသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၆ ရက်နှင့် ဖေဖော်ဝါရီ ၁၆ ရက်ကြားကာလတွင် ဝူဟန်နှင့် နယ်စပ်ချင်းထိစပ်နေသည့် ဟီနန်ပြည်နယ်ရှိ ဆေးရုံတစ်ရုံ၌ COVID-19 အတည်ပြုလူနာအမျိုးသား ၃၈ ဦးထံမှ သုက်နမူနာများကို ရယူပြီး လေ့လာခဲ့ကြသည်ဟု သိရသည်။

ယင်းသို့ လေ့လာခဲ့ရာတွင် လူနာ ၃၈ ဦးအနက် ခြောက်ဦး သို့မဟုတ် လူနာ ၁၆ ရာခိုင်နှုန်း၏ သုက်အတွင်း ကိုရိုနာဗိုင်းရပ်စ် အမှုန်များ ရှိနေသည်ကို သုတေသီများ တွေ့ရှိခဲ့သည်။

အဆိုပါ လူနာ ခြောက်ဦးအနက် လေးဦးသည် COVID-19 ရောဂါအခြေအနေ ပြင်းထန်နေသည့်အဆင့်တွင် ရှိနေခဲ့ပြီး ကျန်နှစ်ဦးသည် ရောဂါကနေ ပြန်လည်သက်သာကောင်းမွန်နေပြီးသူများဖြစ်သည်ဟု သိရသည်။

အဆိုပါ ဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သူ ခြောက်ဦးသည် အသက်အပိုင်းအခြားအားဖြင့် အသက် ၂၀ နှစ်ကနေ အသက် ၅၀ နှစ်အကြား အပိုင်းအခြား ရှိသူများ ဖြစ်သည်။

ယခုကဲ့သို့ COVID-19 လူနာအမျိုးသားများ၏ သုက်အတွင်း ဗိုင်းရပ်စ်ကို တွေ့ရှိခဲ့သော်လည်း ဗိုင်းရပ်စ်သည် လိင်ဆက်ဆံခြင်းကနေ ကူးစက်ခြင်း ရှိမရှိ သေချာ မသိရသေးကြောင်း သုတေသီများက ပြောသွားခဲ့သည်။ သို့သော် ယင်းဗိုင်းရပ်စ်သည် တံတွေး အစက်များကနေတဆင့် ကူးစက်နိုင်သည်။

ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်သည် လူနာများ၏ ဝှေးစေ့များထဲသို့ မည်သို့မည်ပုံ ဝင်ရောက်သွားသလဲ ဆိုသည်ကိုလည်း မသိရှိသေးကြောင်း ယခုလေ့လာချက်ကို လုပ်ဆောင်ခဲ့သည့် သုတေသီများက ပြောသည်။ သို့သော် အမျိုးသားလိင်အင်္ဂါနှင့် သွေးလမ်းကြောင်း အကြား အတားအဆီးသည် ချို့ယွင်းချက်ရှိနေသည့် အခြေအနေမျိုး တွင် ဗိုင်းရပ်စ်က ယင်းကနေတဆင့် ဖြတ်ကျော်သွားနိုင်ကြောင်း သုတေသီများက ၎င်းတို့၏ လေ့လာချက်ထဲတွင် ရေးခဲ့သည်။

ယခင်ကာလများအတွင်းကလည်း ပုံမှန်အားဖြင့် လိင်ဆက်ဆံခြင်းကနေ ကူးစက်တတ်ခြင်းမရှိသည့် ဗိုင်းရပ်စ် အမျိုးအစား အများအပြားကို သုက်အတွင်း တွေ့ရှိထားခဲ့သေးသည်။

သုက်အတွင်းရှိ ဗိုင်းရပ်စ်များနှင့်ပတ်သက်၍ အခြားသော လေ့လာချက်တစ်ခုအရလည်း ဇီကာဗိုင်းရပ်စ် နှင့် အီဘိုလာ ဗိုင်းရပ်စ်တို့သည် လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်သည်ကို လေ့လာတွေ့ရှိထားသည်။

ခန္ဓာကိုယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ရွေ့လျားမှု နည်းလမ်းများနှင့်ပတ်သက်၍ လက်ရှိအချိန်အထိ သုတေသီများ လေ့လာနေကြဆဲဖြစ်သည်။ ဗိုင်းရပ်စ် အမှုန်များကို တံတွေး၊ သွေး၊ ဆီး နှင့် ဝမ်း နမူနာများထဲတွင် တွေ့ရှိထားခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly