ဂျာမနီ၌ COVID-19 ကြောင့်မရောင်းရသည့်ဘီယာများ အခမဲ့ဝေပေး

ဂျာမနီ၌ COVID-19 ကြောင့်မရောင်းရသည့်ဘီယာများ အခမဲ့ဝေပေး

မေ ၈

COVID-19 ကန့်သတ်ချက်များကြောင့် ဟိုတယ်များနှင့်ဘားဆိုင်များ ပိတ်ထားရချိန်မှာ ဂျာမနီရှိ Willinger Brauhaus ဘီယာဆိုင်သည် ဘီယာများကို သွန်ပစ်မည့်အစား မေတ္တာလက်ဆောင်ပေးရန် ဆုံးဖြတ်ခဲ့သည်။

ဂျာမနီအနောက်ပိုင်း Hesse ပြည်နယ်ရှိ Willinger Brauhaus ဘီယာဆိုင်သည် ဘီယာအပျော့စားနှင့်အပြင်းစား ခန့်မှန်း  ၂၆၀၀ လီတာ (၆၉၀ ဂါလံ) ကို ကြာသပတေးနေ့က အခမဲ့ဝေပေးခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

“လူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဆိုင်ပြန်ဖွင့်ရင်လည်း သူတို့ လာအားပေးပြီး အကြံဉာဏ်တွေပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ဆိုင်ပိုင်ရှင် Franz Mast က ပြောသည်။

ဘီယာသည် စားသောက်ဆိုင်များနှင့် ဟိုတယ်များအတွက် ရည်ရွယ်ထုတ်လုပ်ထားသော်လည်း COVID-19 ကြောင့် ပုံမှန်တင်ပို့ရောင်းချမှုများကို မလုပ်နိုင်ခဲ့ချေ။

လာမည့်ရက်သတ္တပတ်အတွင်း ဂျာမနီရှိ ပြည်နယ်အများအပြားတွင် စားသောက်ဆိုင်များနှင့်ဘားဆိုင်များ ပြန်လည် ဖွင့်သွားဖွယ်ရှိသောကြောင့် လက်ရှိဘီယာများကို ရှင်းပစ်ရန်လိုပြီး ဘီယာအသစ်များထပ်မံဖြည့်ဆည်းသွားမည်ဟု Mast က ပြောသည်။

ကြာသပတေးနေ့က ဒေသခံဖောက်သည်များအတွက် ဘီယာအခဲ့မဲ့ပေးဝေရာတွင် လူများတန်းစီစောင့်ဆိုင်းခဲ့ကြသည်။ ဘီယာလာရောက်ယူဆောင်သူများကိုလည်း နှာခေါင်းစည်းများတပ်ခိုင်းထားပီး အကွာအဝေးအကန့်အသတ်ဖြင့် စောင့်ဆိုင်းစေခဲ့သည်။

“ကျွန်မတို့ ခုလိုလာယူတာ ဆိုင်ကို ကူညီရာလည်းရောက်တယ်လေ။ နောက်ပြီးရင် ဥယျာဉ်ထဲမှာ နေရောင်အောက်ထိုင်ပြီး Willinger ဘီယာကောင်းကောင်းလေးကို သောက်ရမယ်” ဟု Natlie Julius က ရိုက်တာသတင်းဌာကို ပြောသည်။

ဘီယာများကို မွန်းလွဲပိုင်းတွင် အပြတ်ဝေပေးနိုင်ခဲ့ပြီး လာမည့်အင်္ဂါနေ့တွင် တစ်ဦးလျှင် သုံးပုလင်းနှုန်းဖြင့် ထပ်မံဝေပေးသွားမည်ဟု ဆိုင်က ၎င်းတို့ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required