ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအုပ်ချုပ်ခွင့် မရစေချင်သေးတဲ့ မဘသ အယူအဆ

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအုပ်ချုပ်ခွင့် မရစေချင်သေးတဲ့ မဘသ အယူအဆ
မြစေတီ ပရိယတ္တိ စာသင်တိုက်မှာ တွေ့ရတဲ့ မဘသ ဗဟိုအတွင်းရေးမှူး ဆရာတော် ဦးဝိမလဗုဒ္ဓိ။ ဓာတ်ပုံ - ဖြိုးသီဟချို

မော်လမြိုင် (Myanmar Now) ။          ။ မော်လမြိုင်မြို့ မြစေတီ ပရိယတ္တိ စာသင်တိုက်ဟာ သံဃာအပါး ၅ဝဝ နီးပါး သီတင်းသုံးတယ် ဆိုပေမယ့် သံဃာတစ်ပါးတလေရဲ့ အရိပ်အယောင်တောင် မမြင်ရလောက်အောင် ရှင်းလင်းနေပါ တယ်။ စာသင်သား သံဃာများ စာအံသံက ညနေခင်း အိပ်တန်းပြန် ကျေးငှက်တွေရဲ့  အော်မြည်သံ တွေနဲ့ ပေါင်းစပ် ထွက်ပေါ်နေပါတယ်။

မြစေတီ ပရိယတ္တိ စာသင်တိုက်ဟာ  ၉၆၉ အဖွဲ့ သို့မဟုတ် သာသနပါလ ဂန္တဝါစကအဖွဲ့ အစပြု တဲ့ နေရာပါ။  ၉၆၉ အဖွဲ့ လှုပ်ရှားမှုတွေဟာ မဘသလို့ ထင်ရှားလာမယ့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) အဖွဲ့ ပေါ်ပေါက်မလာခင် ဖြစ်ပေါ်လာတဲ့ ခြေလှမ်းတွေပါပဲ။

မဘသဗဟိုရဲ့ အတွင်းရေးမှူး တာဝန်ယူထားတဲ့ ဒီကျောင်းတိုက်ရဲ့ ကျောင်းထိုင်ဆရာတော် ဦးဝိမလဗုဒ္ဓိဟာ အမျိုးသားရေး ပြဿနာတွေနဲ့ ပတ်သက်ရင် သဘောထား တင်းမာသူလို့လည်း လူသိ များပါတယ်။ ဆရာတော်နဲ့ သူ့ကျောင်းတိုက်က သံဃာတော်တွေကတော့ တစ်ချိန်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံခဲ့ကြသူတွေပါ။

“သူ မော်လမြိုင်ကိုလာတုန်းက ဘယ်သူတွေက ထွက်ကြိုခဲ့ကြသလဲ။ ဒီကျောင်းက သံဃာ တော်တွေကပဲ ဒီလမ်းကနေ အပြည့်ကြိုခဲ့ကြတာ။ ဒီကျောင်း ရှေ့လမ်းကနေ အပြည့်ထွက်ပြီး သူ့ကို ထွက်ကြိုခဲ့ကြတာ” လို့ ဆရာတော်က ကျောင်းတိုက်အပြင်ဘက် ကျိုက်ခမီလမ်းမကို ညွှန်ပြရင်း မိန့်ပါ တယ်။

အခုတော့ သဘောထား ပြောင်းလဲသွားပါပြီ။ ရွေးကောက်ပွဲအလွန် NLD သာ အစိုးရဖွဲ့နိုင်ခဲ့ မယ်ဆိုရင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလကို ဖြတ်သန်းနေတဲ့ တိုင်းပြည်ရဲ့ အခြေအနေနဲ့ အုပ်ချုပ်ရေးပိုင်းတွေ ကမောက်ကမ ဖြစ်သွားမှာ စိုးရိမ်ကြောင်း ဦးဝိမလဗုဒ္ဓိ မိန့်ပါတယ်။

“ဘာမှ မလုပ်ဘူးတဲ့လူက နိုင်ငံတော်ကို တက်အုပ်ချုပ်မယ်ဆိုတော့ အတိုက်အခံက ဘယ်သူ ဖြစ်သွားမလဲ၊  ကြံ့ခိုင်ရေး ဖြစ်သွားမယ်။ အဲဒီနောက်မှာ ဘယ်သူရှိလဲ၊ စစ်တပ်ရှိတယ်။ ငါတို့က အဲဒါ မြင်တာ။  တိုင်းပြည်အတွက် မြင်တာ။ သူ့ကိုမုန်းလို့ မဟုတ်ဘူး။ သူ အရွယ်မရောက်ဘဲနဲ့ လင်ရသွား တဲ့ အမျိုးသမီးလို ဖြစ်သွားမယ်” လို့  ဆရာတော် ဦးဝိမလဗုဒ္ဓိ မိန့်ပါတယ်။

ဘုန်းကြီးကျောင်းထဲမှာပဲ သီတင်းသုံးနေပေမယ့် ဆရာတော်က မြန်မာ့နိုင်ငံရေး ဖြစ်စဉ်တွေနဲ့ မျက်ခြေပြတ်ပုံ မရဘူး။ လက်ပံတောင်းတောင် ကြေးနီတူးဖော်ရေး စီမံကိန်း ဒေသ ပဋိပက္ခ စုံစမ်းရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူလိုက်ခြင်းဟာ မှားတယ်၊ သမ္မတ ဦးသိန်း စိန်တို့ အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချလိုက်တာပဲလို့ ဆရာတော်က မိန့်ပါတယ်။ 

ဆရာတော်ရဲ့ အမြင်တစ်ခုကတော့ မြန်မာပြည်သူ လူထုဟာ ဒီမိုကရေစီ ကျင့်ဝတ်တွေနဲ့ နှစ်ပေါင်း  ၄ဝ ကျော် ဝေးကွာခဲ့ရတာဖြစ်လို့ ဒီမိုကရေစီ စိတ်ဓာတ်တွေ စနစ်တကျ တည်ဆောက်သွား ဖို့ လိုနေသေးတယ် ဆိုတာပါပဲ။ 

သူ ချောင်းဟန့်လိုက်ချိန်မှ ာသံဃာငယ်တစ်ပါးက ထိုင်ခုံအောက်မှာ အသင့်ရှိနေတဲ့ ထွေးခံကို ယူပေးလိုက်ပါတယ်။ ကလေးများအတွက် အချိန်ပိုင်းသင်တန်း၊ သမ္မတ ဦးသိန်းစိန် လက်မှတ်ထိုး ပြဋ္ဌာန်းပေးလိုက်တဲ့ မျိုးစောင့်ဥပဒေတွေဟာ အရေးပါတယ်လို့ ဆရာတော်က မိန့်ပါတယ်။

“ငါတို့က ဓမ္မစကူးနဲ့ ကလေးတွေရဲ့ စိတ်ဓာတ်ကို ပြင်ဆင်ပေးမယ်။ လူကြီးတွေရဲ့ လုပ်ငန်း တွေကိုတော့ မျိုးစောင့်ဥပဒေနဲ့ ကာကွယ်ပေးမယ်” လို့ ဆရာတော်က  နှစ်ပေါင်းများစွာ အခြေချ နေထိုင်ခဲ့တဲ့ မြစေတီကျောင်း အပြင်ဘက် မှောင်ရီပျိုးစ မြင်ကွင်းတွေကို ကြည့်ငေးရင်း မိန့်လိုက်တဲ့ အသံက အိပ်တန်းပြန်ငှက်တို့ရဲ့ အော်မြည်သံတွေအကြား ရောထွေးသွားပါတယ်။ 

မျိုးစောင့်ဥပဒေနဲ့ နိုဝင်ဘာ ရွေးကောက်ပွဲ

ရွေးကောက်ပွဲ မတိုင်ခင်မှာ သမ္မတ ဦးသိန်းစိန်က အမျိုးစောင့်ဥပဒေတွေကို အတည်ပြု ပြဋ္ဌာန်းပေးခဲ့ပြီး အာဏာရ  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ရွေးကောက်ပွဲဝင်မယ့်  စစ်ဗိုလ်ချုပ်ဟောင်းတွေကလည်း အမျိုး၊  ဘာသာ၊  သာသနာကို စောင့်ရှောက်မှာ ဖြစ်တဲ့အကြောင်း မဲဆွယ်စည်းရုံးပွဲတွေမှာ မကြာခဏ ပြောကြားလေ့ ရှိပါတယ်။ 

သမ္မတရဲ့ အကြံပေးဟောင်း ဦးနေဇင်လတ် ဦးဆောင်နေတဲ့ အမျိုးသား တိုးတက်ရေးပါတီ (NDP) ကလည်း အမျိုးစောင့်ဥပဒေကို ပြတ်ပြတ်သားသား ထောက်ခံကြောင်း မကြာသေးခင်က မော်လမြိုင်မြို့ မဲဆွယ်ပွဲမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ NDP ပါတီရဲ့ မဲဆွယ်ယာဉ်တန်းက ကားတွေမှာ အမျိုးစောင့်ဥပဒေကို ပြတ်ပြတ်သားသား ထောက်ခံပါသည်လို့ ရှင်းရှင်းလင်းလင်း ရေးသားထားတာ တွေ့ရပါတယ်။

မဘသခေါင်းဆောင် ဦးဝိမလဗုဒ္ဓိကတော့ ပါတီတချို့ရဲ့ အဲဒီလို ရပ်တည်ချက်တွေကို ကြိုဆို လိုက်ပါတယ်။ “အမျိုးစောင့်ဥဒေကို ထောက်ခံပါတယ်ဆိုပြီး ပါတီတချို့က ပြောတယ်ဆိုတာကတော့ သူတို့ ထောက်ခံတဲ့အပိုင်း သူတို့ ပြောသွားတာပဲလေ။ ပါတီတိုင်းလည်း ပြောနိုင်တာပဲ။  ပြောချင်တဲ့ ပါတီက ပြောကြပေါ့။   NLD ကလည်း ပြောနိုင်တာပဲ” လို့ သူက လေသံ ခတ်ပြတ်ပြတ်နဲ့ မိန့်ပါတယ်။

မဘသဟာ အစိုးရ လက်ဝေခံလား

မျိုးစောင့်ဥပဒေ ပေါ်ပေါက်ရေးအတွက် အစိုးရနဲ့ ညှိနှိုင်း ဆွေးနွေးရသည့် နည်းလမ်းကို မလွဲမရှောင်သာ ရွေးချယ်ရတဲ့ အခါမှာတော့  အစိုးရရဲ့  လက်ကိုင်တုတ်ဆိုပြီး စွပ်စွဲခံရကြောင်း ဆရာတော်က မှတ်ချက်ချပါတယ်။

“ငါတို့အဖွဲ့က အဲဒီမျိုးစောင့်ဥပဒေ လုပ်ဖို့ စီစဉ်တဲ့အခါမှာ အောင်ဆန်းစုကြည်ကို ဖိတ်တယ်။  သုံးခါလုံး သူက ပယ်ချတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကို ဖိတ်တယ်။ ဦးဋ္ဌေးဦး (လက်ရှိ ကြံ့ခိုင်ရေးပါတီ ပူးတွဲ ဥက္ကဋ္ဌ) က လာတယ်” လို့ ဦးဝိမလဗုဒ္ဓိက ရှင်းပြ မိန့်ကြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရောက်လာပြီး ညှိနှိုင်းမယ်ဆိုရင် မျိုးစောင့်ဥပဒေများရဲ့ အနေအထား က တစ်မျိုးတစ်ဖုံ ဖြစ်သွားမယ်လို့  ဆရာတော်က မိန့်ပါတယ်။ အစိုးရနဲ့ စစ်တပ်ရဲ့  အထောက်အပံ့ကို ယူပြီး မဘသ ဦးဆောင်ဆရာတော်တွေက ဗိုလ်ချုပ်ကြီးတွေနဲ့ နီးစပ်သွားပြီလို့ ထင်မြင်ယူဆနေသူ တွေဟာ စဉ်းစားချင့်ချိန်နိုင်မှု အလွန်နည်းပါးတဲ့ လူတွေပဲ ဖြစ်ကြောင်း  မြစေတီကျောင်းတိုက်က သက်တော် ၄ဝ ခန့်အရွယ် အရှင်သုစိတ္တသာရက ဝေဖန်ပါတယ်။

မဘသဥက္ကဋ္ဌ ဦးတိလောက ဘိဝံသဟာဆိုရင်လည်း နိုင်ငံရေး အကျဉ်းသားဟောင်း ဖြစ်တယ် လို့ သူက ထောက်ပြပါတယ်။ “ဒီဆရာတော်ကြီးတွေက သံဃာတွေကို နှိပ်စက်ခဲ့တဲ့၊  ညှင်းပန်းနှိပ် စက်ခဲ့ဖူးတဲ့၊ တိုင်းသူပြည်သားတွေ အပေါ်မှာလည်း ဗိုလ်ကျခဲ့ဖူးတဲ့၊ သမိုင်းဆိုးတွေ ရှိခဲ့ဖူးတဲ့ အဖွဲ့အ စည်းကို ထောက်ခံပြီးတော့ လူမိုက်အားပေးလုပ်မယ့် ဆရာတော်ကြီးတွေလား” လို့ ရန်ကုန်ကမ္ဘာအေး ပါဠိတက္ကသိုလ်၊ သီရီလင်္ကာနိုင်ငံတို့ကနေ ဗုဒ္ဓစာပေနဲ့ MA ဘွဲ့ရရှိခဲ့သူ အရှင်သုစိတ္တသာရက မိန့်ပါ တယ်။

မဘသနဲ့ အင်န်အယ်လ်ဒီ

ရွေးကောက်ပွဲ မဲဆွယ်ကာလ အစပိုင်းမှာကတည်းက မဘသ ဆရာတော် တချို့က အမျိုးဘာ သာ သာသနာကို စောင့်ရှောက်မယ်လို့ ကတိမပေးတဲ့ ပါတီတွေကို မဲမထည့်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။ တချို့ကတော့ NLD ကို မဲမပေးဖို့အထိ ဗြောင်ကျကျ တိုက်တွန်း မိန့်ကြားကြပါတယ်။

မကြာသေးခင်က NLD အတွက် ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း တစ်ထောင်ကျော် ရွေးချယ်ရာမှာလည်း မွတ်စလင်တွေ ပါဝင်ခြင်း မရှိပါဘူး။ ဒီရွေးချယ်မှုဟာ မဘသနဲ့ အမျိုးသားရေး ဝါဒီတွေ သဘောကျအောင် သတိထား လုပ်ဆောင်ခြင်းပဲလို့ ဝေဖန်ခံခဲ့ရပါတယ်။  ဒီလို ရွေးချယ်ပြီး သိပ်မကြာခင် NLD နာယက ဦးတင်ဦး မန္တလေးမြို့ကို ရောက်ရှိရာမှာ မဘသရဲ့ အထက်မြန်မာပြည် ဦးဆောင်ဆရာတော် တစ်ပါးဖြစ်တဲ့ ဦးဝီရသူနဲ့ တွေ့ခဲ့ပါတယ်။ ဘာတွေ ညှိနှိုင်း ပြောဆိုခဲ့တယ်ဆိုတာ ကိုတော့ မသိရပါဘူး။

မော်လမြိုင်မြို့ မြစေတီကျောင်းတိုက်က သက်တော် ၄ဝ ခန့်အရွယ် ဦးသုစိတ္တသာရက မဘသ နဲ့ NLD ဟာ အများကောင်းကျိုး လုပ်ဆောင်နေတဲ့ အဖွဲ့တွေ ဖြစ်တာကြောင့်  နိုင်ငံအတွက် အရေးကြီး နေတဲ့ အထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာ ညှိနှိုင်းသင့်တယ်လို့ အကြံပြုပါတယ်။

“ရွေးကောက်ပွဲ လာတော့မယ်။  ဒီလို တွေ့ဆုံဆွေးနွေးမှုဟာ သူတို့ နှစ်ဖွဲ့လုံးအတွက် အပေါင်း လက္ခဏာပဲ၊ အနုတ်လက္ခဏာ မဖြစ်နိုင်ဘူး” လို့ ဦးသုစိတ္တသာရက မိန့်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required