မောင်တောမြို့နယ်ကို အစိုးရက အင်တာနက်လိုင်း ပြန်ဖွင့်ပေး

မောင်တောမြို့နယ်ကို အစိုးရက အင်တာနက်လိုင်း ပြန်ဖွင့်ပေး

ရန်ကုန်၊ မေ ၄

တပ်မတော်နှင့် ရခိုင်တပ်ဖွဲ့(AA)ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ အင်တာနက်လိုင်းများ ကို အစိုးရ ပိတ်ထားရာကနေ မေလ ၂ ရက်မှာပဲ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အား အစိုးရက အင်တာနက်လိုင်း ပြန် ဖွင့်ပေးခဲ့ကြောင်း ဒေသခံများနှင့် လွှတ်တော်အမတ်များက ပြောသည်။

နိုင်ငံတော်သမ္မတရုံးသည် မေလ ၁ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်က မြို့နယ် တစ်ခု တွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးသွားမည်ဖြစ်ကြောင်း သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောခဲ့သည်။

ထို့နောက် မေလ ၂ ရက်နေ့ ည ၉ နာရီတွင် မြန်မာဆက်သွယ်ရေးအော်ပရေတာ(MPT)လိုင်း စတင် ဖွင့်လှစ်ပေးခဲ့ပြီး ည ၁၀ နာရီဝန်းကျင်မှာတော့ တခြားသော ဆက်သွယ်ရေးအော်ပရေတာများလည်း လိုင်းဖွင့်ပေးခဲ့ကြောင်း မောင်တောမြို့  နယ်မှ ကိုသက်ထူးနိုင်ဦးက ပြောသည်။

 “အင်တာနက်လိုင်းက ပြီးခဲ့တဲ့ သုံးလလောက်က တိုက်ပွဲတွေ ဖြစ်လို့ ပိတ်ထားတာ၊ အကျိုးတော့ တော်တော်ရှိတာ ပေါ့နော်။ ကျွန်တော်က အင်တာနက် ပိတ်ပြီးနောက်ပိုင်းမှ တစ်ခေါက် ရန်ကုန်ကနေ ပြန်ရောက်တာပေါ့နော်။ ရောက် ရောက် ချင်းကတော့ ဒီရန်ကုန်မှာဆိုရင် COVID-19 နဲ့ ပတ်သက်ပြီး ကာကွယ်မှုတွေ လုပ်တယ်။ လက်ဆေးတာတို့၊ အပြင် မထွက်တာတို့။ ဒီမှာကျတော့ အင်တာနက်မရတော့ သိပ်မသိကြဘူးပေါ့နော်။ သိပ် မသိကြတော့ ပုံမှန်ဒီတိုင်းပြီး သွားမယ့် ဖြစ်ရိုးဖြစ်စဉ်လို့  ထင်နေကြတယ်။ အခုအင်တာနက်လိုင်းတွေရတော့ ကြောက်ဖို့ကောင်းတဲ့ရောဂါကြီးဆိုတာ အခုမှသိရမှာပေါ့” ဟု ၎င်းက ပြောသည်။

တပ်မတော်နှင့် AA ကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက် တော်၊ ပုဏ္ဏကျွန်း၊ မြေပုံ၊ အမ်း၊ သံတွဲ၊ စစ်တွေ အပါအဝင် ချင်းပြည်နယ်၊ ပလက်ဝ စသည့်မြို့နယ်များတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၂ ရက်က စတင်၍ အစိုးရမှ အင်တာနက်လိုင်းများ ပိတ်ခဲ့သည်။

ထို့နောက် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့တွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးခဲ့သေးသော်လည်း ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် ပြန်လည် ပိတ်ခဲ့သည်။

ယခုအခါမှာတော့ မေလ ၂ ရက်က ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအတွင်းမှ မောင်တောမြို့နယ်အား အင်တာနက် လိုင်း ပြန်ဖွင့်ပေးခဲ့ပြီး ကျန်မြို့နယ်များကို ဆက်လက် ပိတ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံကျော်လှက “အခုလို အင်တာနက် ပိတ်ထားတဲ့အထဲက မောင်တောမြို့နယ်ကို ပြန်လည် ဖွင့်ပေးတာက ကောင်းတဲ့ လက္ခဏာပဲလေ။ သို့သော် ကျန်တဲ့ မြို့နယ်တွေမှာပါ ပြန်ဖွင့်ပေးဖို့ လိုအပ်တယ်”ဟု ပြောသည်။

လက်ရှိတွင် မောင်တောမြို့နယ်နှင့် အနီးစပ်ဆုံး ဒေသဖြစ်သည့် ဘူးသီးတောင်မြို့နယ်တွင်လည်း အင်တာနက်လိုင်း ပြန်ရရှိခြင်း မရှိသော်လည်း အူရီဒူးဆင်းကဒ်ဖြင့် အင်တာနက်သုံး၍ ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း အင်တာနက် အသုံးပြုနိုင်ရေး ရခိုင်အရပ်ဖက်အဖွဲ့အစည်းများနှင့် လွှတ်တော်အမတ်များက လွှတ်တော်အတွင်း အပါအဝင် လွှတ်တော်ပြင်ပမှာပါ တောင်းဆိုလျက်ရှိနေသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အပါအဝင် ရောဂါ လဏ္ခာ အခြေအနေ များကို မသိရှိရဘဲ ဖြစ်နေခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ အင်တာနက်လိုင်းများ ဖွင့်လှစ်ပေးရန် တောင်းဆိုမှုများ ရှိနေကြသည်။

လက်ရှိမှာလည်း တပ်မတော်နှင့် AA ကြား တိုက်ပွဲများသည် ရခိုင်ပြည်နယ် အနှံ့အပြားတွင်လည်းကောင်း၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းမှာလည်းကောင်း ဖြစ်ပွားနေဆဲပင် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly