လူနာအမှတ် ၁၄၄သည် လှိုင်သာယာရှိ ချန်းရီဖိနပ်ချုပ်စက်ရုံမှ ဝန်ထမ်းဖြစ်

လူနာအမှတ် ၁၄၄သည် လှိုင်သာယာရှိ ချန်းရီဖိနပ်ချုပ်စက်ရုံမှ ဝန်ထမ်းဖြစ်

ရန်ကုန်၊ ဧပြီ ၂၅ရက်

ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီလ ၂၄ရက် ထုတ်ပြန်ချက်အရ အတည်ပြုလူနာသစ် ၅ဦးတွေ့ရှိခဲ့သည့်အနက်မှ အသက်(၂၄)နှစ်အရွယ်လူနာအမှတ် ၁၄၄ သည် လှိုင်သာယာမြို့ရှိ ချန်းရီ ဖိနပ်ချုပ်စက်ရုံဝန်ထမ်းဖြစ်ကြောင်း လှိုင်သာယာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက မဇ္ဈိမသို့ပြောသည်။
"သူနဲ့ထိတွေ့ခဲ့သူတွေအားလုံးကို ကွင်းဆက်လိုက်နေပြီ။ ကွင်းဆက်အားလုံးလည်း ရပါပြီ။ ကျန်တဲ့အပိုင်းကတော့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားတဲ့အတိုင်း quarantineကိစ္စတွေ လုပ်ဖို့ဆက်လက်ဆောင်ရွက်နေပါတယ်"ဟု ၎င်းကဆိုသည်။
ထိုလူနာအမှတ် ၁၄၄သည် ချန်းရီဖိနပ်ချုပ်စက်ရုံ၌  ဘာသာအပြန်အလုပ်လုပ်ကိုင် နေသူဖြစ်သည်။သူသည် မိုးညှင်းမြို့သို့ ဧပြီ ၁၆ရက်နေ့က ရောက်ရှိခဲ့ကာ ထိုနေ့၌ပင် မိုးညှင်းမြို့က သတ်မှတ်ထားသည့် Quarantine နေရာသို့ တခါတည်းသွားရောက်နေထိုင်ကြောင်း သိရသည်။
 မိုးညှင်းမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက "သူက ၁၅ရက်နေ့က ရန်ကုန်ကပြန်လာတယ်။ ၁၆ရက်နေ့ မိုးညှင်းကိုရောက်တယ်။ အဲ့ဒီစက်ရုံကနေပြီးတော့မှ သူက နေမကောင်းတဲ့အခါကျတော့ အပြင်ဆေးခန်းမှာသွားပြတယ်။  သွားပြတဲ့အခါကျတော့ သူက နည်းနည်းလေး နေမကောင်း ထိုင်မသာ ဖြစ်တဲ့အခါကျတော့ ကားကိုအပြတ်ဌားလာပြီးတော့ ကျွန်တော်တို့ စီစဉ်ထားတဲ့ quarantine မှာ တန်းဝင်တာ"ဟု ပြောသည်။
မိုးညှင်းမြို့သို့ စရောက်သည့်နေ့ကတည်းက Quarantine ဝင်နေခြင်းဖြစ်သည့်အတွက် မိုးညှင်းရှိ ၎င်း၏မိသားစုဝင်များနှင့် ထိတွေ့မှုမရှိထားသော်လည်း ရန်ကုန်က လှိုင်သာယာ ဖိနပ်ချုပ်စက်ရုံဝန်ထမ်းများနှင့်ကတော့ ထိတွေ့မှုများရှိခဲ့သည်။ ဖိနပ်ချုပ်စက်ရုံတွင် သင်္ကြန်ရုံးပိတ်ရက်မတိုင်ခင်အထိလုပ်ငန်းခွင်ဝင်ခဲ့သူလည်းဖြစ်သည်။ မိုးညှင်းမြို့တွင် ပိုးတွေ့လူနာနှင့်အတူ Quarantine ဝင်ခဲ့သူ သုံးဦး၏ဓာတ်ခွဲနမူနာများကိုလည်း ရန်ကုန်အမျိုးသားဓာတ်ခွဲခန်းကို ယမန်နေ့ကပေးပို့ထားကြောင်းသိရသည်။
ထိုလူနာအမှတ် ၁၄၄ သည်ဧပြီလ ၁၈ရက်နေ့တွင် အပြင်းဖျားလာသည့် အတွက် မိုးညှင်းကုတင် ၂၀၀ဆေးရုံကိုပို့ဆောင်ကုသပေးခဲ့ပြီး ဧပြီလ ၁၉ရက်နေ့ တွင် ဓာတ်ခွဲနမူနာအား ရန်ကုန်သို့ ပို့ဆောင်စစ်ဆေးခဲ့ကာ ဧပြီလ ၂၄ရက်နေ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အတည်ပြုလူနာဖြစ်လာခဲ့သည်။
ယခုလက်ရှိတွင် ၎င်းအားမှ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံကြီးသို့ပြောင်းရွှေ့ထားသည်။
ဧပြီလ ၂၄ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၄၄ဦးရှိပြီး သေဆုံးသူ ငါးဦးနှင့် ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ကိုးဦးရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required