ကိုရိုနာဗိုင်းရပ်စ်က နှာခေါင်းမှာထက် မျက်လုံးထဲ၌ အချိန်ပိုကြာမြင့်စွာ ခိုအောင်းနိုင်

ကိုရိုနာဗိုင်းရပ်စ်က နှာခေါင်းမှာထက် မျက်လုံးထဲ၌ အချိန်ပိုကြာမြင့်စွာ ခိုအောင်းနိုင်

ဧပြီ ၂၃

အီတလီက COVID-19 လူနာတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်က နှာခေါင်းမှာထက် မျက်လုံးထဲတွင် အချိန်ပိုကြာမြင့်စွာ ခိုအောင်းနေခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

အီတလီ၏ ပထမဆုံး အတည်ပြု COVID-19 လူနာဖြစ်သော အသက် ၆၅ နှစ်အရွယ် အမည်မဖော်သော အမျိုးသမီးသည် COVID-19 ကပ်ရောဂါဘေး၏ ဦးဆုံးဗဟိုချက်ဖြစ်သော တရုတ်နိုင်ငံ ဝူဟန်မြို့သို့ သွားရောက်ခဲ့ပြီး ဇန်နဝါရီ ၂၉ တွင် အီတလီသို့ ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်။

ရောဂါလက္ခဏာများ စပြပြီး နောက်တစ်ရက်၌ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း Annals of Internal Medicine ဆေးပညာဂျာနယ်၌ ဖော်ပြခဲ့သည်။

ယင်း အမျိုးသမီးကို ရောမရှိ ကူးစက်ရောဂါဆေးရုံက သီးသန့်ဆောင်တွင် ထားရှိခဲ့သည်။ သူတွင် COVID-19 လက္ခဏာများအဖြစ် ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းများ ကြုံရကာ နောက်ပိုင်းတွင် ကိုယ်ပူချိန် ၁၀၀ ဒသမ ၄ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်လာပြီး အော့အန်ခြင်းများပါ ဖြစ်လာခဲ့သည်။

ထိုသို့ ခံစားနေရခြင်းကြောင့် ဆေးရုံတက်ပြီး လေးရက်မြောက်တွင် စမ်းသပ်စစ်ဆေးရာမှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်းကို အတည်ပြုနိုင်ခြင်း ဖြစ်သည်။ သူတွင် ဖြစ်ပွားနေသည့် မျက်စိနာဝေဒနာမှာလည်း သက်သာပျောက်ကင်းမှု မရှိသဖြင့် ဆရာဝန်များက မျက်စိ ဂွမ်းတို့ဖတ်စ နမူနာကို နေ့စဉ်ယူ၍ စစ်ဆေးခဲ့ရာ ကိုရိုနာဗိုင်းရပ်စ် ရှိနေတာကို တွေ့ရပြီး ဗိုင်းရပ်စ်သည် သူ မျက်လုံးထဲ ရက်ပေါင်း ၂၁ ရက်ကြာအထိ ခိုအောင်းနေခဲ့ခြင်း ဖြစ်သည်။

“သူရဲ့ မျက်စိနာဝေဒနာက ၁၅ ရက်လောက်မှာ တော်တော်လေး သက်သာလာတယ်။ ရက် ၂၀ ကျတော့ အရှင်းပျောက်သွားပုံရပါတယ်။”ဟု ယင်းဂျာနယ်တွင် ဖော်ပြသည်။

သို့သော် အဆိုပါ အမျိုးသမီး၏ မျက်စိအတွင်း ကိုရိုနာဗိုင်းရပ်စ် မရှိတော့ဟု ထင်ရပြီး ငါးရက်အကြာ ၂၇ ရက်မြောက်နေ့တွင် ပြန်ပေါ်လာခဲ့ပြန်သည်။ လူနာ၏ နှာခေါင်း ဂွမ်းတို့ဖတ်စများတွင် ဗိုင်းရပ်စ် မတွေ့တော့တဲ့ နောက်ပိုင်း ရက်များအထိ မျက်စိဂွမ်းတို့ဖတ်စတွင် ဗိုင်းရပ်စ်မှ မျိုးဗီဇဇီဝပစ္စည်းများကို ဆရာဝန်များက တွေ့ရှိခြင်း ဖြစ်သည်။

ယခု တွေ့ရှိချက်ကြောင့် COVID-19 လူနာ၏ မျက်ဝတ်ရည်တို့သည် ဗိုင်းရပ်စ်ကူးစက်မှု၏ ဖြစ်နိုင်သော ဇစ်မြစ်အဖြစ် ကောက်ချက်ချနိုင်ကြောင်း သုတေသနအဖွဲ့က ပြောခဲ့သည်။

“အခု တွေ့ရှိချက်က နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံးတွေကို ထိတွေ့တာ ရှောင်ကြဉ်ခြင်းနဲ့ မကြာခဏ လက်ဆေးခြင်းတို့လို့ ဗိုင်းရပ်စ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်တွေရဲ့ အရေးကြီးတာကို မီးမောင်းထိုးပြနေတယ်။”ဟု ယင်း ဂျာနယ်တွင် ရေးသားဖော်ပြထားသည်။

အီတလီနိုင်ငံသည် COVID-19 ဖြစ်ပွားမှု အများဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်ပြီး ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်အရ အမေရိကန်နှင့် စပိန်ပြီးလျှင် တတိယမြောက် ကူးစက်မှု အများဆုံးအဖြစ် လူပေါင်း ၁၈၁၂၂၈ ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required