“ဟိုဘက်ကမ်းမှာ ရောက်နေတဲ့ အမျိုးတွေကို ပြန်ခေါ်ပေးပါ”

“ဟိုဘက်ကမ်းမှာ ရောက်နေတဲ့ အမျိုးတွေကို ပြန်ခေါ်ပေးပါ”
(Photo: The Irrawaddy)

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာနေတဲ့ ကိုမင်းဗညားရေးပို့လိုက်တဲ့ မေးလ်တစ်စောင်ကို မဇ္ဈိမ စာဖတ်သူကဏ္ဍမှ လက်ခံ ရရှိခဲ့ပါတယ်။ သူစာထဲမှာ ရေးထားတာကတော့ မွန်ပြည်နယ်က ကျေးရွာလေးတစ် ရွာမှာ မွေးဖွားခဲ့တဲ့သူဟာ ယခုအခါမှာ မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၊ တစ်ကျောင်းမှာနေလို့ တက္ကသိုလ်တစ်ခုကို တက်ရောက်နေသူ တစ်ဦးဖြစ်တယ်လို့ ဆိုပါတယ်။ နေ့စဉ် သတင်းစာဖတ် သူမို့ သတင်းစာထဲမှာ ပါလာတဲ့ ထိုင်းရဲတပ်ဖွဲ့ရဲ့ ခြိမ်းခြောက်မှုကြောင့် ထိုင်းကျောင်း သူတစ်ဦး အသက်ခံရမှုကို ဝန်ခံရခြင်း ဖြစ်ကြောင်း မြန်မာရေလုပ်သားလေးဦး ပြောကြား ခေါင်းစဉ်ပါ သတင်းကို ဖတ်ပြီး စာရေးချင်စိတ် ပေါ်လာလို့ သူရေးတဲ့စာကို ဖော်ပြပေးမယ်လို့ ယုံကြည်တဲ့ မဇ္ဈိမ စာဖတ်သူကဏ္ဍကို ရေးပို့ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်က ထိုင်းနိုင်ငံ ရနောင်မြို့မှာ ထိုင်းကျောင်းသူတစ်ဦးကို ဓားနဲ့ ထိုးသတ်ခဲ့တယ်ဆိုတဲ့ သံသယနဲ့ မြန်မာလူမျိုး ၁၅ နှစ်အရွယ်နဲ့ ၁၆ နှစ်အရွယ် လူငယ် ညီအစ်ကိုနှစ်ဦးကို ထိုင်းရဲက ဖမ်းဆီးခဲ့ပြီး ရက် ၂၀ ကျော် အကြာမှာ အစ်ကိုဖြစ်သူကို ပါဝင်ခြင်းမရှိလို့ဆိုပြီး ပြန်လွှတ်ခဲ့ပါတယ်။ ပြီးနောက်မှာ နောက်ထပ် ရေလုပ်သား ၃ ဦးကို ထပ်မံ ဖမ်းဆီးပြီး သူတို့ သတ်ကြောင်း ဝန်ခံတယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် မြန်မာသံရုံးမှာ တာဝန်ရှိသူ များနဲ့ ၎င်းတို့ရဲ့ မိဘများနဲ့ တွေ့ဆုံခွင့်ရတဲ့ အချိန်မှာ လွတ်လပ်စွာ ပြောဆိုခွင့် မရလို့ စာနဲ့ရေးပြီး ၎င်းတို့ လေးဦးဟာ လူသတ်မှု ကျူးလွန်ခြင်း မရှိဘဲ ထိုင်းရဲတပ်ဖွဲ့ရဲ့ သူတို့ ဝန်မခံရင် မိသားစုကိုလည်း သတ်မယ်ပြောလို့ ဝန်ခံရတာလို့ ရေးပြတဲ့အပြင် သူတို့ ဝန်ခံအောင် ခွေးနဲ့ ကိုက်၊ ပလတ်စတစ်နဲ့ အုပ်ပြီးသေမတက်နှိပ် စက်တာကြောင့် ဝန်ခံကြရတာလို့ ရေးထားတာ ဖတ်လိုက်ရတော့ သူ့ရင်ထဲမှာ မဖော်ပြတက်အောင် ခံစားလိုက်ရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဗြိတိန်စုံတဲ အသက်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာ လုပ်သားနှစ်ဦးကို စွပ်စွဲ ဖမ်းဆီးထားပြီး နှိပ်စက်တာကြောင့် မဟုတ်ဘဲ ဝန်ခံရတယ်ဆိုတဲ့ အမှုက လည်း မပြီးသေးပါဘူး။ ဒီအဖြစ်တွေက တကယ်တော့ မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးပြီး စားဝတ်နေရေး မပြေလည်လို့ တဖတ်နိုင်ငံသွားပြီး ရရာကြုံရာ အလုပ်တွေ လုပ်ကြရတဲ့အတွက် ဖြစ်ပေါ်လာတဲ့ အကျိုးသတ်ရောက်မှုပါလို့ ပြောပါတယ်။ မြန်မာလူမျိုးတိုင်းဟာ ကိုယ့်မြေကိုယ့်ရေကို ခင်တွယ်ကြပါတယ်။ ကိုယ့်နိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေသာ ရရှိနေရင် ဘယ်ကိုမှ မသွားဘဲ ကိုယ့်မြေ မှာပဲ လုပ်ကိုင် စားသောက်ချင်တဲ့ လူမျိုး ဖြစ်ပါတယ်။ အခုတော့ ဘယ်လိုမှ အဆင်မပြေ လို့ တစ်ဖတ်နိုင်ငံကို သွားပြီး အလုပ်လုပ်ကြရလို့ သူတို့ မွန်ပြည်နယ်က ရွာတွေမှာ အရွယ်ကောင်း အမျိုးသား၊ အမျိုးသမီး လူငယ်လူရွယ်တွေ မရှိဘဲ ရွာထဲမှာ အလုပ်မလုပ်နိုင်တော့တဲ့ သက်ကြီးရွယ်အို နဲ့ ကလေးတွေပဲ ရှိပါတော့တယ်လို့ ရေးပါတယ်။

ဘယ်အစိုးရပဲတက်တက် ပြည်သူတွေအတွက် တကယ့်ကို အကျိုးပြုဖို့ လုပ်ပေးကြစေချင် ပါတယ်။ ငွေရဖို့အတွက် သူတစ်ပါးနိုင်ငံသွားပြီး အလုပ်လုပ်ရတယ်။ နှိပ်စက်ခံ၊ ဖိနှိပ်ခံ၊ ဂုတ်သွေးစုပ် ခံနေကြ ရပြီး လူအနေနဲ့ ဆက်ဆံခြင်း မခံရဘဲ တိရိစ္ဆာန်လို ဆက်ဆံခံနေရတာကတော့ ရင်နာဖို့ ကောင်းပါတယ်။ ကိုယ့်နိုင်ငံမှာ ဒီလောက် သယံဇာတတွေ၊ သဘာဝ အရင်းအမြစ်တွေ ကြွယ်ဝ နေရက်နဲ့ အလုပ် အကိုင် ရှားပါးလို့ ဝင်ငွေမရှိလု့ိ သူများနိုင်ငံမှာသွားပြီး အလုပ်လုပ်လို့ အနှိပ်စက်ခံ နေရတာကတော့ ကြားလို့ မကောင်းပါဘူး။ ပြည်သူတွေကို တကယ်ချစ်လို့ ပြည်သူတွေအတွက် အလုပ်လုပ်ပေးချင် တဲ့ခေါင်းဆောင်ဆိုတာ ပြည်သူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီး ပြီး ပြေလည်တဲ့ စားဝတ်နေရေး ရှိလာကြအောင် လုပ်ပေးနိုင်မှ ပြည်သူ့ခေါင်းဆောင် အစစ်ပါ။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံအတွင်းမှာ ပြည်သူတွေအတွက် အမြန်ဆုံး အလုပ်အကိုင်တွေ ဖန်တီးပေးပြီး တဖက်ကမ်းမှာ အလုပ်လုပ်နေကြတဲ့ ကျွန်တော်တို့ အမျိုး မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်ပေးပါလို့ အစိုးရကို တောင်းဆိုချင်လို့ ရေးလာတဲ့ စာကို ဖော်ပြလိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required