မက်ဆီကို ဘယ်သူမှ မမှီသေးတဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားစာရင်း

မက်ဆီကို ဘယ်သူမှ မမှီသေးတဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားစာရင်း

ပြင်သစ် ဘောလုံးဝက်ဆိုက်တစ်ခုရဲ့ ဖော်ပြချက်အရ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမား ၁၀ ဦး စာရင်းထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီစာရင်းထဲမှာ ထိပ်ဆုံးကနေ ဦးဆောင်နေသူကတော့ ဘာစီလိုနာအသင်းတိုက်စစ်မှူး မက်ဆီပဲဖြစ်ပြီး သူ့ရဲ့တစ်နှစ်ဝင်ငွေက ပေါင်သန်း ၁၂၀ အထိ ရှိနေတာပါ။

သူ့ရဲ့နောက်မှာတော့ ဂျုဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒိုက ပေါင် ၁၀၉ သန်းနဲ့ ဒုတိယလိုက်နေပြီး တတိယနေရာမှာတော့ PSG တိုက်စစ်မှူး နေမာ က ပေါင် ၈၇ သန်းနဲ့ ရပ်တည်နေပါတယ်။

ဒီဝင်ငွေတွက်ချက်မှုဟာ ဘောလုံးကလပ်အသင်းကနေ ရတဲ့ လစာငွေအပြင်၊ ပုံရိပ်အသုံးပြုခနဲ့  ကြော်ငြာတွေကနေ ရတဲ့ဝင်ငွေတွေကို ထည့်သွင်းတွက်ချက်ထားခဲ့တာဖြစ်ပါတယ်။

နေမာ ရဲ့နောက်၊ စတုတ္ထနေရာမှာ ရပ်တည်နေသူကတော့ ရီးယဲလ်တိုက်စစ်မှူး ဂါရက်ဘေးလ်ဖြစ်ပြီး သူ့ရဲ့တစ်နှစ်ဝင်ငွေက (၃၅.၃၄)သန်း ရှိပါတယ်။ သူ့ရဲ့နောက်မှာတော့ ဘာစီလိုနာအသင်းတိုက်စစ်မှူး ဂရစ်ဇ်မန်းက ၃၅.၂၅ သန်းနဲ့ ပဥ္စမ လိုက်နေတာပါ။

ရီးယဲလ်အသင်းကို ပြောင််းရွှေ့သွားခဲ့ပြီဖြစ်တဲ့ ဟာဇက် ကတော့ တစ်နှစ်ဝင်ငွေ ပေါင် ၃၂.၆ သန်းနဲ့ နံပါတ်(၆)နေရာမှာ ရပ်တည်နေပါတယ်။

ဒီစာရင်းထဲမှာ ပရီးမီးယားလိဂ် ကစားသမားဆိုလို့ တစ်ဦးတည်းပါဝင်ပြီး သူကတော့ နံပါတ် (၈) နေရာမှာ ရပ်တည်နေတဲ့ စတာလင်ပဲဖြစ်ပါတယ်။ သူ့ရဲ့ဝင်ငွေက တစ်နှစ်ကို ပေါင် ၃၀.၉၆ သန်းရှိပါတယ်။

စတာလင်ဟာ ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေအကောင်းဆုံး ကစားသမားဆိုပေမယ့် သူ့ရဲ့အထက်မှာ ဂျပန်လိဂ်မှာ ကစားပြီး ပိုက်ဆံတွေ သောက်သောက်လဲဝင်နေတဲ့ အင်နီယာစတာက ရပ်တည်နေခဲ့တာပါ။

အင်နီယေစတာတစ်ယောက် ဘာစီလိုနာလို နာမည်ကြီး အသင်းမှာ မကစားနိုင်တော့ဘူးဆိုပေမယ့်လည်း သူ့ရဲ့တစ်နှစ်ဝင်ငွေကတော့ ပေါင် ၃၁.၁၄ သန်းအထိ ရှိနေပါတယ်။

ဒီစာရင်းရဲ့ နံပါတ် (၉)နေရာမှာတော့ ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီး က တစ်နှစ်ဝင်ငွေ ပေါင် ၂၆.၅၆ သန်းနဲ့ ရပ်တည်နေပြီး နံပါတ် (၁၀)နေရာမှာတော့ PSG အသင်းတိုက်စစ်မှူး ဘက်ပီက ပေါင် ၂၄.၇၃ သန်းနဲ့ ရပ်တည်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

မက်ဆီဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမားစာရင်းမှာတော့ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပေမယ့် တန်ဖိုးအကြီးဆုံး ဘောလုံးသမားစာရင်းမှာတော့ အဆင့်(၈)နေရာသာ ရှိနေခဲ့တာပါ။

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကစားသမားစာရင်းမှာ PSG တိုက်စစ်မှူး ဘက်ပီက ပေါင် ၁၈၉ သန်းနဲ့ ဦးဆောင်နေပြီး သူ့ရဲ့တန်ကြေးဟာ တော်ရုံအသင်းတွေ မခေါ်ယူနိုင်တဲ့အနေအထားပါ။

ဘက်ပီရဲ့နောက်မှာတော့ စတာလင်နဲ့ နေမာ တို့က ပေါင် ၁၅၁ သန်းစီနဲ့ လိုက်ပါနေပြီး မာနေး၊ ဆာလက်၊ ဟယ်ရီကိန်းနဲ့ ဒီဘရိုင်းတို့က တန်ကြေး ပေါင် ၁၄၁ သန်းနဲ့ မက်ဆီရဲ့ အထက်မှာ ရပ်တည်နေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly