ကိုရိုနာဗိုင်းရပ်စ်အရေး သမ္မတ ထရမ့်က နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာ

ကိုရိုနာဗိုင်းရပ်စ်အရေး သမ္မတ ထရမ့်က နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာ

မတ်လ ၁၄။         ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ်အရေးနဲ့ ပတ်သက်ပြီး သောကြာနေ့မှ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာလိုက်ပြီဖြစ်ပြီး သူကိုယ်တိုင်လည်း ဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိမရှိ မကြာမီမှာ ကြေညာသွားမယ်လို့ ပြောပါတယ်။

ဝေဖန်သူတွေကတော့ အမေရိကန်ကို တုံ့ဆိုင်းမှုတွေ ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ် ကူးစက်ဖြစ်ပွားမှုမှာ တုံ့ပြန်မှု နှေးကွေးလွန်းတယ်လို့ ပြောဆိုဝေဖန်လျက် ရှိပါတယ်။

အိမ်ဖြူတော်နှင်းဆီဥယျာဉ်မှာ တက်သုတ်ရိုက်ပြီး စီစဉ်ခဲ့ရတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က သူ့အနေနဲ့ ကူးစက်ဖြစ်ပွားနေတဲ့ ဗိုင်းရပ်စ်ကို တိုက်ဖျက်ရေးအတွက် ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့်အာဏာကုန် အသုံးပြုသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီ ဆိုရင် ဌာနေအာဏာပိုင်တွေကို ကူညီထောက်ပံ့ဖို့ ဗဟိုအစိုးရရန်ပုံငွေမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀ ကို ရန်ပုံငွေ ရရှိမှာ ဖြစ်ပါတယ်။

ဒါအပြင် ကိုရိုနာဗိုင်းရပ်စ် ကိုင်တွယ်ဖြေရှင်းရေးမှာ ယုံကြည်မှု လျော့ပါးလာနေတဲ့ ထရမ့်အတွက် ပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရရှိလာမှာ ဖြစ်ပါတယ်။

“လာမယ့် သီတင်းပတ် ရှစ်ပတ်ကတော့ တကယ့်ကို အရေးကြီးပါတယ်။ ကျွန်တော်တို့တွေ အတွေ့အကြုံတွေကနေ သင်ယူပြီး ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်သွားကြရမှာ ဖြစ်တယ်။”လို့ ထရမ့်က ပြောပါတယ်။

နိုင်ငံရဲ့ စီးပွားရေးကို ဖိစီးနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘဏ္ဍာရေး ထိခိုက်မှု လျော့ပါးစေရေး ချမှတ်မယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်နဲ့ အိမ်ဖြူတော်ကြား သဘောထား မမျှဘဲ ရှိနေချိန်မှာ ထရမ့်က ခုလို အိမ်ဖြူတော် နှင်းဆီဥယျာဉ်က သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလာတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required