နိုင်ငံရေး လုပ်ကြံမှုများကို ဉာဏ်သုံး ကျော်ဖြတ်ပါ

နိုင်ငံရေး လုပ်ကြံမှုများကို ဉာဏ်သုံး ကျော်ဖြတ်ပါ

ထင်မြင်ယူဆထားသည့် အတိုင်းပင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးလုပ်ကြံမှု များကို တွေ့လာရသည်။ မူလက ဆိုထားသည့်အတိုင်းပင် နိုဝင်ဘာ ၈ တွင် ကျင်းပမည့်ခေတ်ပြောင်းခေတ် လွဲရွေးကောက်ပွဲ (ဝါ) ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် နှစ်ကောင်ပြေးမြင်းပြိုင်ပွဲ ဖြစ် သည်။ ဆိုလိုသည်မှာ လက်ရှိအာဏာရ ပါတီဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် အဓိအ တိုက်အခံပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီပါတီ) တို့ ပြင်းပြင်း ထန်ထန် ပြိုင်ဆိုင်ကြသည်ကို တွေ့ရသည်။

အောက်တိုဘာ ၂၉ ညပိုင်းတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ လက်ရှိ ပြည်သူ့လွှတ်တော် အမတ်နှင့် ဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ်လောင်းအဖြစ် ထပ်မံ ယှဉ်ပြိုင်မည့် ဦးနိုင်ငံလင်းသည် မဲဆွယ် စည်းရုံးနေစဉ်အတွင်း ဓားခုတ်ခံရသည်။ မည်သည့် အကြောင်းဖြင့် ခုတ်သည်ဖြစ်စေ ဤသည်မှာ နိုင်ငံရေးနှင့် ပတ်သက်သည်၊ အထူးအားဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်နေသည်။

ဓားခုတ်သူများကို ဖမ်းဆီးထားသော်လည်း စုံစမ်းစစ်ဆေးရေး ကာလဖြစ်နေသည့်အတွက် ဤနေရာတွင်များစွာ ထင်မြင်ချက်မပေးလိုပါ။ သို့သော် ကြိုတင်မှန်းဆထားချက်များသည် မလွဲမသွေပေါ်ပေါက် လာနေသည်ကို တွေ့ရသည့်အတွက် စိုးရိမ်ဖွယ် အခြေအနေဖြစ်သည်။ အထူးအားဖြင့် ရန်ကုန်မြို့တော်ကဲ့သို့ သတင်းအချက်အလက်များ မြန်ဆန်ပြီး လူဦးရေထူထပ်သည့် နေရာ မျိုးတွင်ပင် ပြောင်ပြောင်တင်းတင်း နိုင်ငံရေး လုပ်ကြံမှုများ ဖြစ်လာနေသည့်အတွက် အထူးစိုးရိမ်ဖွယ် ဖြစ်သည်။

စစ်အာဏာရှင် စနစ်မှ ဒီမိုကရေစီ အစပျိုးစနစ်သို့ ကူးပြောင်းမှုများတွင် ဤကဲ့သို့ ဖြစ်ရပ်မျိုး ဖြစ်သည်မှာ သဘာဝကျသည်ဟုပင် ဆိုနိုင်သည်။ လက်ရှိအခြေအနေနှင့် နေသားကျသော (တစ်နည်း) လက်ရှိ အနေအထားတွင် အဆင်ပြေနေသူများက ခေတ်ပြောင်းခေတ်လွဲတွင် လက်ရှိ အောက် ယုတ်လျော့သွားမည်ကို များစွာ စိုးရိမ် ပူပန်တတ်ကြပေသည်။ သို့တည်းမဟုတ် အခြား အကြောင်း အချက်များလည်း ရှိနိုင်ပါသည်။

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးနှင့် နောက်ခံ မတူညီမှုများကြောင့် အယူ အဆ၊ သဘောတရားရေးရာနှင့် ရပ်ခံချက်များ ကွဲပြားနိုင်ပါသည်။ ယင်းသို့သော ကွဲပြားမှုများ ရှိလင့်စ ကား မြန်မာဟူသည့် နိုင်ငံအောက်တွင် နိုင်ငံသားတိုင်းသည် ညီညွတ်မျှတသော တရားဥပဒေ စိုးမိုးမှု အောက်တွင် ကောင်းစွာ ရှင်သန်နေထိုင်ခွင့် ရခြင်းငှာ ထိုက်တန်ပါသည်။

သို့သော် မျက်မှောက် မြန်မာ့ လူ့အဖွဲ့အစည်းတွင်းတွင် အာဏာရှိသူများက ဥပဒေ၏ အထက်တွင် ရောက်နေသကဲ့သို့ များစွာသော ဥပမာများကို ဆောင်ယူခြင်းဖြင့် မြင်သာနေပါသည်။
အာဏာမဲ့သူ သို့မဟုတ် အာဏာရှိသူကို အတိုက်အခံ ပြုသူများသည် များစွာသော အခက်အ ခဲများကို ကြုံတွေ့နေကြရသည်။ သာမန် ပြည်သူတစ်ဦးချင်း မဆိုထားနှင့်၊ ဦးနိုင်ငံလင်း ကဲ့သို့သော တိုင်းသိပြည်သိ ပြည်ထောင်စုအဆင့် လွှတ်တော် အမတ်တစ်ဦးပင် ယခုကဲ့သို့ ထင်ရာမြင်ရာ ရန်ပြု လုပ်ကိုင်တတ်သူများ၏ ဓားခုတ်ချက်ကို ခံစားနေရသည်ဆိုလျှင် တိုင်းနိုင်ငံအတွက် အလွန်တရာ ရင်လေးဖွယ် ကောင်းသကဲ့သို့ စိုးရိမ်ဖွယ်ရာလည်း ဖြစ်သည်။

ဦးနိုင်ငံလင်း ဖြစ်စဉ်တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမင်းကိုနိုင်၏ မှတ်ချက်စကားမှာ မဇ္ဈိမက ပြောလိုသည်နှင့် ကိုက်ညီနေ ပါသည်။ သူက ယခုကဲ့သို့ ပြောသည်။

“အရေးအကြောင်းဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် စောင့်ရှောက်ကြတယ် ဆိုတာ ပြရမယ်၊ ဥပဒေရဲ့ စောင့်ရှောက်မှုကို အပြည့်အဝ မရနိုင်တဲ့ အခါကျတော့ အချင်းချင်း ပြန်စောင့်ရှောက် ကြရလိမ့်မယ်” နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအမြင်များ ကွဲပြားနိုင်သော်လည်း တစ်ဦးနှင့်တစ်ဦး တုတ်၊ ဓား၊ လက်နက်တို့ဖြင့် အပြတ်ရှင်း ရလောက်အောင် မြန်မာ့ လူ့အဖွဲ့အစည်းသည် အကျည်း မတန် သင့်ပေ။ မည်သို့ဖြစ်စေ တရားဥပဒေ၏ အထက်တွင် ရောက်နှင့်နေသူများက စီမံ ဆောင်ရွက်လာ စေဦးတော့၊ ပြည်သူများသည် ဉာဏ်ကို လွှာသုံးကာ ရှောင့်သင့်ရှားသင့် ပေသည်။

ပြည်သူများက တရားဥပဒေ စိုးမိုးမှုသည် မရှိဟု တထစ်ချ ယုံကြည် ယူဆထားသည်ဆိုလျှင် အချင်းချင်း အပြန်အလှန် စောင့်ရှောက်ခြင်းဖြင့်သာ မြန်မာ့လူ့ဘောင်ကို ဝင်းပစေသင့်ကြောင်း မဇ္ဈိမ က နှိုးဆော်သည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ၏ ဟိုမှာဘက်ရှိ ရောင်နီမှီရန် နိုင်ငံရေး လုပ်ကြံ မှုများကို ခွကျော်ရှောင်၍ အင်အားစုများ ညီညွတ်ကြစေချင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required