တစ်နိုင်ငံလုံးက မဲရလာဒ်များကို ရန်ကုန် နှင့် နေပြည်တော်တွင် သတင်းအချက်အလက်စင်တာများဖွင့်ကာ ထုတ်ပြန်ပေးမည်

တစ်နိုင်ငံလုံးက မဲရလာဒ်များကို ရန်ကုန် နှင့် နေပြည်တော်တွင် သတင်းအချက်အလက်စင်တာများဖွင့်ကာ ထုတ်ပြန်ပေးမည်
 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် အောက်တိုဘာ ၂၇ရက်က ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမသတင်းဌာန)

နေပြည်တော်၊ အောက်တိုဘာ ၂၈ ။ ။ ရွေးကောက်ပွဲနေ့တွင် တစ်နိုင်ငံလုံးရှိ မဲရုံးအသီးသီမှ သတင်းများကို ထုတ်ပြန်ပေးနိုင်ရန် ရန်ကုန်၊ နေပြည်တော်မြို့များတွင် သတင်းအချက်လက်စင်တာများ ဖွင့်လှစ်သွားမည်ဟု အောက်တိုင်ဘာ၂၇ရက်က ကျင်းပပြုသည့် သတင်းစာရှင်လင်းပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားသွားသည်။

“မဲရုံအသီးအသီးက သတင်းတွေကို အချိန်နဲ့တပြေးညီထုတ်ပြန်ပေးဖို့ဆိုပြီး ကျွန်တော်တို့ I.F.E.S ပေါ့ ၊ အမေရိကန်မှာအခြေစိုက်တဲ့ ရွေးကောက်ပွဲကျွမ်းကျင်တဲ့အဖွဲ့ ကျွန်တော်တို့ ပေါင်းပြီးတော့ ရန်ကုန်မှာရှိတဲ့ Myanmar Peace Center (MPC)မှာ သတင်းအချက်လက် ဌာနတစ်ခု ဖွင့်ပါမယ်၊ ပြီးလို့ရှိရင် နေပြည်တော်မှာပဲ ကျွန်တော်တို့ရုံးမှာပဲ ဟိုခန်းမကြီးကြီးမှာ (UEC ခန်းမကြီးမှာ) သတင်းအချက်အလက်ဌာနတစ်ခုဖွင့်ပါမယ်” ဟု ၎င်းက ပြောကြားသည်။

ရွေးကောက်ပွဲနေ့တွင် အဆိုပါစင်တာများမှ အချိန်နှင့်တပြေးညီ သက်ဆိုင်ရာမဲရုံအသီးသီးမှ  ရောက်ရှိ မဲရလာဒ်များကိုလည်း ထုတ်လွှွင့်သွားဖို့လည်းရှိကြောင်း ပြည်ထောင်စုရွေကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းက ပြောကြားသည်။

ရွေးကောက်ပွဲရလာဒ် ထုတ်ပြန်ရာတွင် ကူညီပေးမည့် I.F.E.S (International Foundation For Electoral  Systems  Since)အဖွဲ့အစည်းသည် လက်ရှိတွင် ပြည်ထောင်စု ရွေကောက်ပွဲကော်မရှင်တွင် ရုံးထိုင်၍ ရွေးကောက်ပွဲဆိုင်ရာ အကူအညီများကို ပေးနေသည့် အဖွဲ့ဖြစ်သည်။

ရွေးကောက်ပွဲနေ့တွင် တစ်နိုင်ငံလုံးရှိ မဲရုံအသီးသီး၌ ညနေ ၄နာရီတွင် ဆန္ဒမဲလက်မှတ်များ ရေတွက်ရမည်ဖြစ်ပြီး ထိုအချိန်တွင် ရလာဒ် ထွက်နိုင်မည်မဟုတ်သော်လည်း သက်ဆိုင်ရာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ နှင့် အဖွဲ့အစည်းများသည် မဲရုံအသီးသီး၏ စာရင်းကိုကြည့်၍ အကြမ်းဖျင်း ရလာဒ်ကို သိရှိနိုင်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် အတည်ပြုစာရင်းကို တိုင်းသို့ တက်လာမည်ဖြစ်ပြီး တိုင်း (သို့မဟုတ်)  ပြည်နယ်ကသာလျင် အတည်ပြုမဲစာရင်းကို ထုတ်နိုင်မည်ဖြစ်သည်ဟု ဦးတင်ထွန်းက ရှင်းပြသည်။ 

ထို့ပြင် အပြီးသတ်ရလာဒ်ကို လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသည့်အပေါ်မှုတည်၍ ရွေးကောက်ပွဲအပြီး နောက်တစ်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာနိုင်ရန်ရှိကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံခြားသံရုံများမှ သံတမန်များနှင့် တွေ့ဆုံရာတွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required