ဒုံးကျည်တိုက်ခိုက်မှုက အမေရိကန်ကို ရင့်ရင့်သီးသီး စော်ကားခဲ့ခြင်းဖြစ်ကြောင်း အီရန် ဘာသာရေးခေါင်းဆောင် ပြောဆို

ဒုံးကျည်တိုက်ခိုက်မှုက အမေရိကန်ကို ရင့်ရင့်သီးသီး စော်ကားခဲ့ခြင်းဖြစ်ကြောင်း အီရန် ဘာသာရေးခေါင်းဆောင် ပြောဆို

ဇန်နဝါရီ ၈။         ။ ဇန်နဝါရီ ၈ ရက်က အီရတ်ရှိ အမေရိကန်စစ်စခန်းများကို အီရန်ဘက်က ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့ခြင်းသည် အမေရိကန်အပေါ် ရင့်သီးစွာ စော်ကားဆက်ဆံလိုက်ခြင်း ဖြစ်ကြောင်း အီရန်ဘာသာရေး ခေါင်းဆောင်က ပြောဆိုလိုက်သည်။

အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ယင်းနေ့မှာပင် မိန့်ခွန်းတစ်ရပ် ပြောခဲ့ပြီး အဆိုပါ မိန့်ခွန်းကို နိုင်ငံပိုင်ရုပ်သံတွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။

“ မနေ့ညက ရင့်သီးတဲ့ စော်ကားမှုတစ်ခု ကျွန်တော်တို့ လုပ်ခဲ့ပါတယ်” ဟု ခါမေနီက မိန့်ခွန်းထဲတွင် ထည့်သွင်းပြောဆိုသွားသည်။

အလားတူ သေဆုံးသွားသည့် စစ်ဗိုလ်ချုပ်ကြီး ဆိုလေမာနီအား အကြမ်းဖက်သမားအဖြစ် သမုတ်ရန် အမေရိကန်ဘက်က ကြိုးပမ်းခဲ့ခြင်းသည် တရားမျှတမှုမရှိဟု ခါမေနီက ပြောသွားသည်။

“ အီရန်ပြည်သူတွေဘက်က ပြင်းထန်ကြီးမားတဲ့ တုန့်ပြန်မှုတစ်ခု ပေးလိုက်ပါပြီ” ဟု ခါမေနီက ပြောကြားခဲ့စဉ် ပရိသတ်လူအုပ်ဘက်ကလည်း “ အမေရိကန် ကျဆုံးပါစေ” ဟု အော်ဟစ် ကြွေးကြော်ခဲ့ကြသည်။

ပြီးခဲ့သည့်အပတ်က အီရတ်ရှိ ဘဂ္ဂဒက်လေဆိပ်တွင် အီရန်စစ်ဗိုလ်ချုပ်ကြီး ကာဆမ် ဆိုလေမာနီ အမေရိကန်လက်ချက်ကြောင့် သေဆုံးပြီးနောက် ပြင်းထန်သည့် လက်စားချေမှုတစ်ရပ် လုပ်သွားမည်ဟု ခါမေနီက အစောပိုင်းကတည်းက ကြုံးဝါးထားခဲ့သည်။

ယင်းနောက် များမကြာမီ ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်းက အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ ရှိရာ စစ်အခြေစိုက်စခန်းနှစ်ခုကို အီရန်တို့က ဒုံးကျည်များဖြင့် ပစ်လွှတ်တိုက်ခိုက်ခဲ့သည်။
 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required