ဟိုဟာ ဒီဟာ မပေးနိုင် လုံခြံုမှုနှင့် တန်းတူမှုသာ ပေးနိုင်မည်ဟု ဒေါ်စုပြော

ဟိုဟာ ဒီဟာ မပေးနိုင် လုံခြံုမှုနှင့် တန်းတူမှုသာ ပေးနိုင်မည်ဟု ဒေါ်စုပြော

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မဲဆန္ဒနယ်ဖြစ်သော ကောမှူးမြို့သို့ အောက်တိုဘာ ၂၄ ရက်က ရောက်ရှိစဉ် အခြားသူများ မဲဆွယ်ရာတွင် ပြောသကဲ့သို့ ဟိုဟာ ဒီဟာ ပေးမည်ဟု မပြောနိုင်ဘဲ ပြည်သူတို့၏ ဘဝ လုံခြုံမှုနှင့် တန်းတူ ရည်တူရှိမှုကိုသာ ပေးနိုင်မည်ဟု ပြောဆိုခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရပါက မည်သည့်အရာများ ပေးမည်ကို ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ် စည်းရုံးမှုများအတွင်း မေးမြန်းခံရခြင်းကြောင့် ထိုအဖြေကို ပေးခဲ့ခြင်းဟု သူကဆိုသည်။

“NLD ရွေးကောက်ပွဲ နိုင်လို့ရှိရင် ဘာပေးမလဲဆိုတော့ ကျမက ပြောတယ် ကျမတို့ကို အရင်အစိုးရ တွေနဲ့ မနှိုင်းနဲ့နော်လို့ ကျမတို့ ဟိုဟာ ဒီဟာ လိုက်ပေးမှာ မဟုတ်ဘူးလို့ ကျမတို့ ပေးချင်တာဟာ ဥပဒေအောက်မှာ ဘဝ လုံခြုံမှုနဲ့ တန်းတူ ရည်တူ အခွင့်အရေးရမှု” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ပြည်သူလူထုတွေရဲ့ အရည်အချင်းတွေ တက်လာအောင်လို့ လုပ်ပေးချင်တယ်။ ကျန်တာကတော့ ပြည်သူတွေ ကိုယ့်ဘာသာ လုပ်ရမယ်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ ပြည်သူများမှ ဘာလုပ်ပေးမည်လဲဟု မေးရမည့်အစား ဘာလုပ်ပေးရမလဲဟူသည့် မေးခွန်း မေးနိုင်သည့် အဆင့်ရောက်နိုင်အောင် ကြိုးပမ်းရမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။

“ကိုယ့်မှာ အခွင့်အရေးလည်းရှိတယ် ဥပဒေရဲ့ အကာအကွယ်လည်း ရှိတယ်။ အရည်အချင်းလည်း ရှိတယ်ဆိုရင် ကိုယ့်ဘဝ ဖွံ့ဖြိုးရေးအတွက် ကိုယ်တိုင်လုပ်လို့ရတာပေါ့။ အဲ့တော့ ကျမတို့ ပြည်သူတွေဟာ ကျနော်တို့ကို ဘာလုပ်ပေးမလဲလို့ မေးမယ့်အစား ကျနော်တို့ ဘာလုပ်ပေးရမလဲလို့ မေးနိုင်တဲ့ အဆင့်ရောက်သွားလိမ့်မယ်လို့ ကျမ ယုံကြည်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required