အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုရှင်သန်လာရေး ဓနုအမျိုးသားနေ့ အခမ်းအနားပြုလုပ်

အမျိုးသားရေးစိတ်ဓာတ်များ ပိုမိုရှင်သန်လာရေး ဓနုအမျိုးသားနေ့ အခမ်းအနားပြုလုပ်

မန္တလေး၊ ဒီဇင်ဘာ ၄ ။           ။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ရှိ ဘောလုံးကွင်းတွင် ဓနုတိုင်းရင်းသားများက ယဉ်ကျေးမှု၊ အမျိုးသားရေး စိတ်ဓာတ် များ ပိုမိုရှင်သန် လာစေရန်ကို ရည်ရွယ်၍ ဓနုအမျိုးသားနေ့ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၃-၄ ရက်များက ကျင်း ပခဲ့ကြသည်။

 အဆိုပါ ဓနုအမျိုးသားနေ့ အခမ်းအနား ကျင်းပရခြင်းမှာ ဓနုတိုင်ရင်းသားများ၏ ယဉ်ကျေးမှု ဓလေ့စရိုက် ထုံးတမ်းများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်၊ ဓနုတိုင်ရင်းသားများ၏ အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေးအတွက် အမျိုးသားရေး စိတ်ဓာတ်များ ပိုမိုရှင်သန်လာစေရန်၊ ဓနုတိုင်ရင်းသားအားလုံး တစိတ်တဝမ်းတည်း စည်းလုံးညီညွှတ် လာစေရန်၊ ဓနုတိုင်ရင်းသားများနှင့် တခြား ညီနောင် တိုင်ရင်းသားလူမျိုးများ ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိကာ အတူတကွ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန်အတွက် ရည်ရွယ်ကျင်းပခြင်း ဖြစ်သည်။

 ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရက “ပထမနေ့မှာ ဓနုအမျိုးသား နှစ်ပတ်လည် ညီလာခံလုပ်ပြီးတော့ ညနေပိုင်းမှာတော့ ဓနုထူးချွန်စာအောင် သံဃာ တော်တွေကို ဂုဏ်ပြုပူဇော်ခဲ့ပါတယ်၊ ဒုတိယနေ့မှာ တော့ ရိုးရာအက ပဒေသာတွေနဲ့ ဒေသထွက်ကုန်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့အတွက် အရောင်းဆိုင်တွေ ဖွင့်လှစ်ပေးထား ပါတယ်”ဟု မိန့်သည်။

 ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်က မြန်မာနိုင်ငံအတွင်းရှိ ဓနုတိုင်ရင်းသားများ စုစည်းမှုနှင့် ပထမဆုံးညီလာခံ ပြုလုပ်ခဲ့ခြင်း အား အစွဲပြုပြီး ဓနုအမျိုးသားနေ့အား သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဓနုအမျိုးသားနေ့ အခမ်းအနားကို ဓနုလူမျိုးများအများ ဆုံး နေထိုင်ကြသည့် ရှမ်းပြည်နယ်အတွင်းက ရွာငံ၊ ပင်းတယ၊ ကလော၊ ရပ်စောက်၊ နောင်ချို ၊ တောင်ကြီးနှင့် မန္တလေး၊ ရန်ကုန် စသည့် မြို့နယ်များတွင် ကျင်းပကြကြောင်း သိရသည်။

 နောင်ချိုမြို့တွင် ကျင်းပခဲ့သော အခမ်းအနားကိုတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ် များ၊ ဓနုတိုင်းရင်းသားများ အပါအဝင် လူဦးရေ တစ်သိန်းကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

 ယခု ကျင်းပခဲ့သော ဓနုအမျိုးသားနေ့ အခမ်းအနားသည် ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကို ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required