ကလေး - ဖလမ်း - ဟားခါးလမ်း နိုင်လွန်ကတ္တရာခင်းခြင်းအတွက် ဒေသခံများ၏ အသံကို နားစွင့်ရန် လိုအပ်ဟုဆို

ကလေး - ဖလမ်း - ဟားခါးလမ်း နိုင်လွန်ကတ္တရာခင်းခြင်းအတွက် ဒေသခံများ၏ အသံကို နားစွင့်ရန် လိုအပ်ဟုဆို
ဓာတ်ပုံ - နန့်ခိုင်

ရန်ကုန်၊ နိုဝင်ဘာ ၅။            ။ ကလေး - ဖလမ်း - ဟားခါး ၁၂၄ မိုင် နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ဆောင်ရာတွင် ဒေသခံဌာနေတိုင်းရင်းသား များ၏  အသံကိုနားထောင်ကာ ပြည်သူ့အကျိုးကို ရှေ့ရူလုပ်ဆောင်သင့်ကြောင်း ချင်းအရပ်အဖွဲ့အစည်းများက  ပြောဆိုလိုက်သည်။

နိုဝင်ဘာ ၅ ရက်နေ့ ( ယနေ့ ) က ရန်ကုန်မြို့ ၊ Gemsy Hotel တွင် ပြုလုပ်သော  ဟားခါး - ကလေးလမ်း စီမံချက်၏ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း ကိစ္စအတွက် ချင်းအရပ်ဖက် အဖွဲ့ အစည်းများမှ ကနေဦးလေ့လာဆန်းစစ်များအကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

“ကမ္ဘာ့ဘဏ် စီမံချက်လို့ပြောရင် အရပ်ဖက်လူ့အဖွဲ့အစည်းတွေက ကန့်ကွက်ဖို့ ၊ အစိုးရဘက်ကလည်း ကန့်ကွက်ဖို့ တစ်ချိန်လုံးမြင်နေတာ။ ကျွန်မတို့ ဒီဟားခါး - ကလေးလမ်း ကိစ္စမှတော့ ပျက်ပျယ်စေချင်တာ မဟုတ်ဘူး။ ဒီလမ်းကို ဆက်လုပ်စေချင်တယ်။ ဒီလမ်းနဲ့ ပတ်သက်ပြီး ဝေဖန်နေတာ မဟုတ်ဘူး။ဒီလမ်းသာ ကောင်းမွန်သွားမယ်ဆိုရင် ဒီမှာ ရှိတဲ့ ချင်းပြည်သူတွေအားလုံး ကောင်းစားလာဖို့ ရည်ရွယ်ပါတယ်။ လောလော ဆယ် လမ်းကတော့ မရပ်ထားဘူး။ Cardno ရဲ့ ပတ်ဝန်းကျင်နှင့်လူမှု ထိခိုက်ခြင်းဆိုင်ရာ ဆန်းစစ်ချက် အစီရင် ခံစာ ( ESIA ‌‌) က ဝင်နေတယ်။” ဟု  ပြည်သူ့အကျိုးပြု ပြန်လည်ထူထောင်ရေးနှင့် ဖွံဖြိုးရေးအသင်းမှ ဒါရိုက်တာ ဖလိုရာဘွေနေမွေးက ဆိုသည်။

ထို့အပြင် လမ်းစီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးရာ ထိခိုက်မှုများနှင့် နောက်ဆက်တွဲ ပြသနာများအပေါ် Cardnoအဖွဲ့၏  ESIA ဆန်းစစ်လေ့လာချက်များ ဆောင်ရွက်ရာတွင် ယေဘုယျကျသော ပြည်သူ့အသံထက် အမှန်တစ်ကယ်ထိခိုက်နစ်နာသော မြေယာ ၊ အိမ်ယာများ ဆုံးရှုံးနေရသည့် ပြည်သူများ၏ အသံကို နားထောင်ပေးရန်၊ သက်ဆိုင်ရာ ပြည်နယ် အစိုးရအနေဖြင့်လည်း အပေါ်စကားကို နားထောင်ခြင်း ထက်အမှန်တစ်ကယ်ထိခိုက်ခံစားရသည့် ပြည်သူ့အသံကို နားထောင်ကာ ပြည်သူ့အကျိုးကို ရှေးရှု ဆောင်ရွက် သင့်ကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါလမ်းသည် ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကိုမန်မုန်တိုင်းကြောင့် လမ်းပျက်ဆီးမှုဖြစ်ပွားခဲ့ပြီး ချင်းပြည်နယ် အစိုးရမှ နွေ ၊ မိုး၊ဆောင်း သုံးရာသီစလုံး သွားလာနိုင်သည့် လမ်းအဖြစ် ပြင်ဆင်ရန် ရည်ရွယ်ထားသော စီမံကိန်း တစ်ခုလည်း ဖြစ်သည်။

“ ကမ္ဘာ့ဘဏ် နှင့် လုပ်ထားတဲ့ လမ်းပိုင်းကို စနစ်တကျနဲ့ မြန်မြန်အကောင်အထည်ဖော်ဖို့လိုတယ်။ ဒီလမ်း ဖောက်တာက ကြာနေပြီ ။ ၄ နှစ်ကျော်ကြာနေပြီ ။ နစ်နာဆုံးရှုံးမှု နည်းစေချင်တယ်။ ဒီလမ်းက ချင်းပြည်နယ် အတွက် အရေးကြီးတဲ့ ပင်မလမ်းမကြီး ဖြစ်တယ်။ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး ၊ ထန်တလန် ၊ တီးတိန် ၊ ဖလမ်း မြို့နယ်တွေကို အသက်သွေးကြော ထောက်ပံ့နေတဲ့ ပင်မလမ်းမကြီး ဖြစ်တယ်။  ဒီလမ်းက အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တယ်။ ဒီလမ်းသာကောင်းမွန်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ လူမှုဒေသ ဖွံဖြိုးမှု ကောင်းမွန်လာမယ်။ ဒီလမ်းနဲ့ ကျွန်တော်တို့နေ့စဉ် ဘဝတွေ တိုက်ရိုက်အချိုးကျတယ်။ ဒီလမ်းက အဓိက ပင်မ လမ်းမကြီး ဖြစ်တယ်။ လမ်းဘေးဝဲယာမှ ရွာပေါင်း ၂၀ လောက် ရှိတယ်။ ဒီလမ်းဟာ ချင်းပြည်နယ် မြောက်ပိုင်း တစ်ခုလုံးကို တိုက်ရိုက်အကျိုးပြုနိုင်မယ့် လမ်းမကြီး ဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု   ချင်းတောင် သယံဇာတ စောင့်ကြည့်ရေးအဖွဲ့မှ ဦးဆောင်အဖွဲ့ဝင် ကိုလျန်းတွောင်က ပြောသည်။

ချင်းပြည်နယ်ရှိ ကလေး - ဖလမ်း - ဟားခါးလမ်း ၁၂၄ မိုင်ကို အမေရိကန် ဒေါ်လာ ၆၆ ဒသမ ၈ သန်း အကုန် အကျခံကာ နိုင်လွန်ကတ္တရာခင်းရန် ပြည်ထောင်စုအစိုးရနှင့် ကမ္ဘာ့ဘဏ်အကြား ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် သဘောတူစာချုပ်ချုပ်ထားခဲ့ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required