မင်းလှရှိ ကျေးရွာ ၂၁ရွာ တွင်မီးရရှိရေးအတွက် ကျပ်သန်း ၃၅၀ အသုံးပြုမည်

မင်းလှရှိ ကျေးရွာ ၂၁ရွာ တွင်မီးရရှိရေးအတွက် ကျပ်သန်း ၃၅၀ အသုံးပြုမည်

မကွေး၊ စက်တင်ဘာ ၁၇ ။         ။ မကွေးတိုင်းဒေသကြီး၊မင်းလှမြို့နယ်အတွင်းရှိကျေးရွာ ၂၁ရွာတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေးအတွက် ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာနှစ်တွင် ခန့်မှန်းကုန်ကျငွေကျပ်သန်း (၃၅၀)ကို အသုံးပြုသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

“တစ်အိမ်သုံးဆိုလာစနစ် Watt 60တစ်ချပ်နှင့်ဆက်စပ်ပစ္စည်းများအပါအဝင်တစ်စုံလျှင် ငါးသောင်းကျပ်၊ Watt 100 အတွက် ကျပ်တစ်သိန်းငါးသောင်းကို ပြည်သူထည့်ဝင်ငွေအဖြစ် ထည့်ဝင်ရပြီး ကျေးရွာအိမ်ခြေ ရဲ့ (၃၀) ရာခိုင်နှုန်းအထက် ဆိုလာစနစ်ကိုတပ်ဆပ် အသုံးပြုပါက အများ ပြည်သူပိုင်နေရာတွေဖြစ်တဲ့ လမ်း၊ စာသင် ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေး အဆောက်အအုံများကို အခမဲ့တပ်ဆင် ပေးတာဖြစ်တယ်”ဟု မင်းလှ မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နန္ဒာအိက ပြောပြသည်။

အဆိုပါကျေးရွာ ၂၁ရွာရှိ အိမ်ခြေပေါင်း ၁၁၈၀ အတွက် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်ပေး ရာတွင် Watt60 (၆၈၂ချပ်)၊ Watt100 (၄၉၈)ချပ်ကိုတပ်ဆင်ပေးမည်ဖြစ်ပြီး၊ မူလတန်းကျောင်း ၁ဝကျောင်း၊ အလယ်တန်းကျောင်း ၈ကျောင်း၊ ကျန်းမာရေးအဆောက်အအုံငါးခု၊ လမ်းမီးတိုင် ၁၄၉တိုင်နှင့် ဘာသာရေး အဆောက်အအုံ ၂၂လုံးအတွက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများအားအခမဲ့တပ်ဆင်ပေးသွားမည်ဟု သိရသည်။

 “မီးမရရှိသေးတဲ့ ၁ဝမိုင်အထက်ကျေးရွာတွေကိုမီးရရှိအောင်ဆောင်ရွက်ပေးသွားမှာပါ။ ဆောင်ရွက်ပေးတဲ့ အခါမှာလဲ ဆိုလာတစ်ချပ်ရဲ့ကျသင့်ငွေကိုအကုန်မပေးရပါဘူး။ လေးပုံတစ်ပုံပဲကျခံပေးရမှာပါ။ အခုလိုမီးရရှိ အောင်ဆောင်ရွက်ပေးတဲ့အတွက် လူနေမှုဘဝအဆင့်အတန်းလဲ ဖွံ့ဖြိုးတိုးတက်လာပါမယ်။ မီးရရှိတဲ့အတွက်လမ်းပန်းဆက်သွယ်ရေးတွေလဲကောင်းမွန်လာပါမယ်” ဟု ဦးစီးမှူး ဒေါ်ခင်နန္ဒာအိ က ဆက်ပြောသည်။

တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်ပေးမည့် ကျေးရွာ၂၁ရွာတွင် ခါးဇက် ၊ တဲကြီးကုန်း ၊ ညောင် ပင်တဲ ၊ ရေတွင်းမြောင်(တ) ၊ မကျီးကုန်း ၊ ကျစ်ဖျား ၊ မလွန်စမ်း ၊ ရွာသာယာ ၊ ချင်းကုန်း ၊ ကျောက်ထပ် ၊ ကိုင်းငယ်ကြီး ၊ ကိုင်းငယ်လေး ၊ ရေတွင်းကြီး ၊ သဖန်းကိုင်း ၊ ပင်္ဂ ၊ လဲဝါ ၊ စီး ၊ ကွန်းသွန်း ၊ ကြက်အုပ်တောင် ၊ ဇိုင်ဖျားတဲစု ၊ ကတဲကျေးရွာများဖြစ်ပြီး ဆိုလာနှင့်ဆက်စပ်ပစ္စည်းများမှာ ယင်းကျေးရွာများသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆိုလာတပ်ဆင်မှုအပိုင်းအား အောက်တိုဘာ ပထမပတ်မှ စတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required