ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိစေရန် တောင်းဆိုပွဲပြုလုပ်မည်

By တင်ရွှေ(မဇ္ဈိမ)/နေလင်းအောင် ( တောင်ငူ)
05 July 2019
ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိစေရန် တောင်းဆိုပွဲပြုလုပ်မည်

တောင်ငူ၊ ဇူလိုင် ၅ ။            ။ Victoria (ဗစ်တိုးရီးယားလေး) တရားမျှတမှု ရရှိစေရေးအတွက် သက်ငယ်မုဒိမ်းပပျောက်ရေးအဖွဲ့ (တောင်ငူ) မှ ဦးဆောင်ကာ လမ်းလျှောက်ဆန္ဒပြတောင်းဆိုမှုကို ဇူလိုင် ၇ ရက် နံနက် ၁၂ နာရီ အချိန်တွင် တောင်ငူမြို့၌ ကျင်းပမည်ဖြစ်ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

“သာမန်ပြည်သူတစ်ယောက်အနေနဲ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း တရားမျှတမှုကို မြှင့်တင်ပြီး ကလေးမိဘများအနေဖြင့် နောက်ထပ် ဗစ်တိုးရီးယားတွေ ထပ်မံမပေါ်ပေါက်လာစေဖို့အတွက်ပဲ အဓိက ရည်ရွယ်ပါတယ်” ဟု သက်ငယ်မုဒိမ်းပပျောက်ရေးအဖွဲ့ (တောင်ငူ)မှ ကိုစိုးလင်းက ပြောသည်။၏

အဆိုပါပွဲတွင် အချက် (၃)ချက်ကို တောင်းဆိုသွားမည်ဟု သိရပြီး (၁) ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရရှိရေး၊ (၂) လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊ (၃) နောက်ထပ်ဗစ်တိုးရီးယားများ ထပ်မံမပေါ်ပေါက်စေရေး နှင့် မျိုးဆက်အတွက် လွတ်လပ်လုံခြုံစိတ်ချရသည့် လူ့အဖွဲ့အစည်းတစ်ခုကို ဖန်တီး နိုင်ရေး တို့ကို တောင်းဆိုမည်ဟု သိရသည်။

“ကျွန်တော်တို့က မည်သည့်အသင်းအဖွဲ့၊ နိုင်ငံရေးပါတီကိုမျှ ကိုယ်စားပြုခြင်းမရှိပါဘူး။ တနည်းအားဖြင့် ပြောရ လျှင် မည်သည့်နိုင်ငံရေးအရောင်မျှမပါပါ။ ဆန္ဒဖော်ထုတ်တောင်းဆိုမှုသာဖြစ်တယ်” ဟု ဦးဆောင်သူများ ဖြစ်သည့် ကိုစိုးလင်းက ပြောသည်။

ထိုကဲ့သို့ တောင်းဆိုမှုများကို မန္တလေး၊ ရန်ကုန်၊ တောင်ကြီး၊ နေပြည်တော်အပါအဝင် တစ်နိုင်ငံလုံး တပြိုင်နက် ပြုလုပ်ရန် ချိတ်ဆက် ဆောင်ရွက်ထားသော်လည်း တစ်ချို့မြို့များ၌ ခွင့်ပြုချက် မရသေးသောကြောင့် ဇူလိုင်လ ၇ ရက်နေ့တွင် တောင်းဆိုရန် စီစဉ်နေခြင်း ဖြစ်သည်။

ဆန္ဒထုတ်ဖေါ်မည့်သူများအနေဖြင့် အဖြူရောင် အင်္ကျီကိုသာ ဝတ်ဆင်ကြမည်ဖြစ်ပြီး ရွှေဆံတော်ဘုရား အရှေ့မုဒ်မှစတင်ကာ မင်းကြီးညို ရုပ်တုအထိ ချီတက်တောင်းဆိုမည်ဟု ဦးဆောင်သူများထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required