ရန်ကုန်နှင့် ဒလကို မြစ်ကူးတံတား စတင်တည်ဆောက်

ရန်ကုန်နှင့် ဒလကို မြစ်ကူးတံတား စတင်တည်ဆောက်
ဓာတ်ပုံ- ရဲနိုင်(လောက်ကိုင်)

ရန်ကုန်၊ ဇွန်လ ၂၈ ။         ။ မြန်မာ- ကိုရီးယား ချစ်ကြည်ရေး ရန်ကုန်- ဒလ မြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းကို ဇွန်လ ၂၈ ရက်နေ့၊ နံနက်ပိုင်းက ဒလဘက်ကမ်းတွင် မြစ်ကူးတံတား တည်ဆောက် ရေး လုပ်ငန်းများကို စတင်ခဲ့သည်။

ရန်ကုန်- ဒလ မြစ်ကူးတံတား တည်ဆောက်နိုင်ရန်အတွက်  တံတားစီမံကိန်းကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်က စတင်ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း  ကန့်ကွက်မှုများရှိခဲ့သဖြင့် ထပ်မံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရကာ  ၅ နှစ်ကျော်အကြာတွင် ယခုကဲ့သို့ စီမံကိန်းကို စတင်အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း တံတားဦးစီး ဌာနမှ သိရသည်။

 " စီမံကိန်းကာလကတော့ ၄၁ လကြာမယ်။ ကျွန်တော်တို့ကို ပြည်သူတွေကတော့ လုပ်ငန်းနှောင့်နှေးတယ်လို့ ထင်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က နှောင့်နှေးတာမဟုတ်ပါဘူး။ ကျွန်တော်တို့က တည်ဆောက်ရေး လုပ်ငန်းတွေ မစခင်မှာ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေအများကြီးလုပ်ရပါတယ်။ ပြည်သူတွေသွားဖို့ လမ်းတွေ၊ ရေမြောင်းတွေ အဲ့ဒါတွေလုပ်ပြီးတော့ စာရွက်စာတမ်းတွေ၊ ခွင့်ပြုမိန့်တွေယူပြီးတော့မှ သက်ဆိုင်ရာ ကိုရီးယား အဖွဲ့တွေက ခွင့်ပြုတယ်ဆိုမှ ဒီလုပ်ငန်းကို စလုပ်ရတာပါ"ဟု "မြတ်နိုးသူ"ဆောက်လုပ်ရေးကုမ္ပဏီ၏ ဒလဘက် ကမ်း တည်ဆောက်ရေးလုပ်ငန်း ပရောဂျက်မန်နေဂျာ ဦးမောင်မောင်ချိုက မဇ္စျိမကို ပြောသည်။

လက်ရှိ  ဒလဘက်ကမ်း Abutment Bored Pile စတင်တူးနေမှုအခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ တောင်ကိုရီးယားသမ္မတနိုင်ငံမှ သံအမတ်ကြီးနှင့် ကိုးရီး ယား၊ မြန်မာ အင်ဂျင်နီယာများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ လာရောက်ကြည့်ရှုခဲ့ကြသည်။

" တံတားတိုင်တွေစပြီပေါ့။ စပြီးဆိုရင် မကြာခင်မှာပဲ ကျွန်တော်တို့ ဒလမြို့နယ်ဟာ ဒီတံတားနဲ့အတူ ဖွင့်ဖြိုးတိုးတက်မှုတွေ၊ ဒေသရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အစစအရာရာ အရင်နဲ့စာရင် အများကြီး တိုးတက် လာမယ်ဆိုတာ ကျွန်တော်တို့ မြင်နေရပြီလေ"ဟု ဒလမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်က ပြောသည်။

မြန်မာ- ကိုရီးယားချစ်ကြည်ရေး ဒလတံတားကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေ EDCF Loan ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းနှင့် မြန်မာအစိုးရထည့်ဝင်ငွေ ၃၀ ဒသမ ၃၄၁ သန်း၊ စုစုပေါင်း  ခန့်မှန်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁၆၈ ဒသမ ၁၇၃ သန်း ကုန်ကျမည်ဖြစ် ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ သိရသည်။

ဒလမြစ်ကူးတံတားကို ဒလမြို့နယ်ဘက်တွင် ကမာကဆစ်ရပ်ကွက်၊ ဗိုလ်မင်းရောင်လမ်းတို့နှင့် ရန်ကုန်မြို့ ဘက်တွင် လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းတို့ကို  ဆက်သွယ် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ၄ လမ်းသွား၊ သံမဏိကြိုးဆိုင်းအမျိုးအစားဖြင့် တည်ဆောက်မည်ဖြစ်ပြီး တံတားအရှည်မှာ ၆၁၄၄ ပေရှည်လျား မည်ဖြစ်ကာ အမြင့်မှာ ၄၉ မီတာ တည်ဆောက်ရန် စီစဉ်ထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly