အက်စထရိုဂျင်ဟော်မုန်းနည်းတယ် ဘာစားရမလဲ

အက်စထရိုဂျင်ဟော်မုန်းနည်းတယ် ဘာစားရမလဲ

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   

လူတစ်ယောက်ကျန်းမာတက်ကြွနေတယ်ဆိုတာ ကိုယ်တွင်းမှာ ဟော်မုန်းတွေ ညီမျှနေလို့ပါ။ ကိုယ်တွင်းဟော်မုန်းတွေညီမျှနေစေဖို့ အစားအသောက်နဲ့ သက်ဆိုင်သလို တစ်နေ့တာလှုပ်ရှားနေထိုင်တဲ့ လူနေမှုပုံစံနဲ့လည်း ဆိုင်ပါတယ်။ စိတ်ဓာတ်ကျနေမယ်၊ ပင်ပန်းနွမ်းနယ်နေမယ်၊ စိုးရိမ်စိတ်များနေမယ်၊ အသားအရေတွေခြောက်နေမယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ အက်စထရိုဂျင်ဟော်မုန်းနည်းနေပါပြီ။
အက်စရိုဂျင်ဟော်မုန်းနည်းနေပြီဆိုရင်…………

ကိုယ်တွင်းမှာ အက်စထရိုဂျင်ဟော်မုန်းနည်းနေပြီဆိုရင် အခုလိုလက္ခဏာတွေတွေ့ရနိုင်ပါတယ်။

  •     ရာသီသွေးဆင်းတာနည်းတာ၊ ရက်တိုတာ၊ ရာသီသွေးမမှန်တာ၊ ရာသီသွေးရပ်သွားတာမျိုး
  •     ရာသီသွေးအရမ်းဆင်းတာမျိုး
  •     ပူစပ်ပူလောင်ဖြစ်တာ
  •     ညဘက်မှာချွေးစေးပြန်တာ
  •     ရင်သားနဲ့ သားအိမ်မှာ ကင်ဆာမဟုတ်တဲ့ အကျိတ်တွေဖြစ်တာ
  •     အိပ်မပျော်တာ
  •     စိတ်ခံစားမှု အပြောင်းအလဲမြန်တာ
  •     ကိုယ်အလေးချိန်တက်လာတာ (အထူးသဖြင့် တင်ပါး၊ ပေါင်နဲ့ ခါးနေရာတွေမှာပါ)
  •     လိင်စိတ်ကုန်ခမ်းတာ
  •     ခြေကုန်လက်ပမ်းကျတာ
  •     စိုးရိမ်စိတ်များတာ
  •     စိတ်ဓာတ်ကျတာ
  •     အသားအရေတွေခြောက်သွေ့တာမျိုးဖြစ်နိုင်ပါတယ်။

အက်စထရိုဂျင်နည်းနေတယ် ဘာတွေစားမလဲ

ခန္ဓာကိုယ်မှာ အက်စထရိုဂျင်နည်းနေတာကို အစားအသောက်နဲ့ထိန်းညှိလို့ရပါတယ်။ အက်စထရိုဂျင်နည်းတဲ့လက္ခဏာတွေ တွေ့နေရပြီဆိုရင် နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ဒီအစားအစာလေးတွေ ပါအောင်စားပေးပါ။

ဝိုင်အနီရောင်

ဝိုင်အနီလိုမျိုး phytoestrogen ဒြပ်ပေါင်းကြွယ်ဝတဲ့ အစားအစာတွေ သောက်စရာတွေကို နည်းနည်းလောက်သောက်ပေးတာက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေနဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။ တစ်ပတ်ကို တစ်ကြိမ်လောက် ဝိုင်အနီတစ်ခွက်လောက်သောက်ပေးပါ။ ဝိုင်မကြိုက်ဘူးဆိုရင်လည်း အနီရောင် စပျစ်သီး၊ ခရင်မ်ဘယ်ရီ၊ ဘလူးဘယ်ရီသီးတို့စားပေးလို့ရပါတယ်။

သစ်သီးတွေ

လတ်လတ်ဆတ်ဆတ် သစ်သီးတွေစားလို့ရသလို သစ်သီးခြောက်တွေလည်းစားပေးလို့ရပါတယ်။ သစ်သီးမှာပါတဲ့ အမျှင်ဓာတ် နဲ့  ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင် စီ အပါအဝင် ဗီတာမင်တွေက သွေးလည်ပတ်မှုကောင်းစေပြီး ခန္ဓာကိုယ်ကို ရောဂါတွေကနေကာကွယ်ပေးပါ။ တရုတ်ဇီးသီး၊ မက်မွန်သီး၊ စပျစ်သီးအနီ၊ လိမ္မော်သီ၊း ဘလူးဘယ်ရီသီး၊ စတော်ဘယ်ရီသီးတို့မှာ phytoestrogen ဒြပ်ပေါင်းကြွယ်ဝစွာပါဝင်နေပါတယ်။

အခွံမာသီးတွေ

အခွံမာသီးတွေကို အဆာပြေစားလို့ရသလို မနက်စာစားတဲ့အခါမှာ ထည့်စားလို့လည်းရပါတယ်။ ပရိုတင်း၊ အမျှင်ဓာတ်၊ phytoestrogen ဒြပ်ပေါင်းတို့ကြွယ်ဝစွာပါဝင်တာကြောင့် အက်စထရိုဂျင်ဟော်မုန်းပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။ မြေပဲ၊ သစ်ကြားသီး၊ သစ်အယ်သီးတို့ကို စားပေးလို့ရပါတယ်။

နှမ်းကြတ်စေ့

အမျှင်ဓာတ်ကြွယ်ဝသလို phytoestrogen ဒြပ်ပေါင်းကြွယ်ဝတာကြောင့် အက်စထရိုဂျင်ဟော်မုန်းနည်းသူတွေအတွက် သင့်တော်ပါတယ်။ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီးအစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ omega-3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့် လေဒီလေးတို့အတွက် အထူးသင့်တော်ပါတယ်။

ပဲပိစပ်

ပရိုတင်း နဲ့  ကျန်းမာရေးအတွက် ညီညွတ်တဲ့ အဆီကြွယ်ဝစွာပါဝင်နေပါတယ်။ သွေးဆုံးချိန်မှာဖြစ်တဲ့ အရေပြားတွေ ပူစပ်ပူလောင်ဖြစ်တာ၊ ညဘက်အိပ်ရင်ချွေးစေးတွေထွက်တာ၊ အသားအရေခြောက်သွေ့တာအပါအဝင် အက်စထရိုဂျင်ဟော်မုန်းနည်းတာကြောင့်ဖြစ်နိုင်တဲ့ လက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။

ဒါကြောင့်ခန္ဓာကိုယ်မှာ အက်စထရိုဂျင်ဟော်မုန်းပမာဏညီမျှနေစေဖို့ နေ့စဉ်စားသုံးတဲ့အစားအစားတွေထဲမှာ အခုပြောပြခဲ့တာတွေ ပါဝင်အောင်စားသုံးပြီး အက်စထရိုဂျင်ပမာဏကို မြှင့်တင်လိုက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required