တောင်ဒဂုံ ဘာသာရေးဆူပူမှု ကြိုတင်ကြံစည်ခြင်းဖြစ်

By ဖြိုးသီဟချို
20 May 2019
တောင်ဒဂုံ ဘာသာရေးဆူပူမှု ကြိုတင်ကြံစည်ခြင်းဖြစ်

ရန်ကုန်မြို့၏ တိုးချဲ့မြို့သစ်တစ်ခုဖြစ်သည့် တောင်ဒဂုံမြို့နယ်တွင် ပြီးခဲ့သည့်မေလ ၁၅ ရက်နေ့က အစ္စလာမ်ဘာသာ ဝင်တို့၏ ရာမဇန် ဥပုသ်လကာလ ယာယီဝတ်ပြုဆောင်များကို လူအုပ်စုတစ်စုက အတင်းပိတ်သိမ်းခိုင်းသည့် ဖြစ်ရပ်မတိုင်ခင်ကပင် မျိုးချစ်ဆိုသူများက ယာယီဝတ်ပြုဆောင်များ ပိတ်သိမ်းရေး သဘောထားလက်မှတ်များကို ရပ်ကွက်နေပြည်သူအချို့ထံမှ ကောက်ခံခဲ့ကြသည်။

အစ္စလာမ်ဘာသာဝင်တို့၏ ဘာသာရေးအရ အရေးပါသည့် ရာမဇန် ဥပုသ်လတွင် ဝတ်ပြုဆုတောင်းနိုင်ရန် ယာယီဝတ်ပြုဆောင် သုံးဆောင်ကို ရန်ကုန်တိုင်း အစိုးရက နေအိမ်သုံးလုံးတွင် ခွင့်ပြုပေးခဲ့ခြင်းဖြစ်သော်လည်း မေလ ၈ ရက်နေ့ မတိုင်ခင်ကပင် အမျိုးသားရေး အစွန်းရောက်များက တောင်ဒဂုံမြို့နယ် ၂၆ ရပ်ကွက်ရှိ ဒေသခံများထံမှ လက်မှတ်များ စတင်စုဆောင်းခဲ့ကြသည်ဟု Myanmar Now က စုံစမ်းသိရှိရသည်။

တောင်ဒဂုံမြို့နယ်တွင် နေထိုင်သည့် အစ္စလာမ်ဘာသာဝင်များအတွက် ဗလီဝတ် ကျောင်းတော်များ မရှိသေးသဖြင့် နေအိမ် ၁၅ လုံးတွင် ဝတ်ပြုခွင့်ပေးရန် လျှောက်ထားခဲ့ပြီး နေအိမ် သုံးလုံးကို  ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက မေလ ၈ ရက်နေ့စွဲဖြင့် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုနေ့မှာပင်မျိုးချစ်ဆိုသူများက ၎င်းတို့ကောက်ခံထားသည့် လက်မှတ် ၁၈၁ ခုဖြင့် ကန့်ကွက်စာ တင်ခဲ့ခြင်းဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က ပြောသည်။

ထိုတားမြစ်စာတွင် ဗလီဆောက်လုပ်နေသည့် အပေါ်တွင် လူထုက မကျေနပ်သည့် အကြောင်းပြချက်ဖြင့် တားမြစ်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“မနက်ပိုင်းကို (ဝတ်ပြုဖို့) ခွင့်ပြုချက် ကျတယ်။ နေ့လယ် ပိုင်းကို သူတို့က ကန့်ကွက်စာတင် တယ်”ဟု ၎င်းကပြောသည်။

တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်နှင့် ၆၄ ရပ်ကွက်ရှိ ယာယီဝတ်ပြုဆောင်များကို မျိုးချစ် ဆိုသူများက မေလ ၁၅ ရက်နေ့တွင် သွားရောက် စစ်ဆေးခဲ့သော်လည်း ၂၆ ရပ်ကွက်ရှိ ယာယီဝတ်ပြုဆောင်ကိုတော့ မေလ ၁၄ ရက်နေ့ ညကတည်းကပင် သွားရောက် စစ်ဆေးခဲ့သည်။

လာရောက်တားဆီးကြသည့် “မျိုးချစ်” ဆိုသူအဖွဲ့က အကြောင်းပြချက်နှစ်ချက်ဖြင့် ယာယီဝတ်ပြုဆောင်ကို ပိတ်သိမ်းရန် တားမြစ်ခဲ့သည်ဟု ၂၆ ရပ်ကွက် ယာယီဝတ်ပြုဆောင်၏ တာဝန်ရှိသူ ဦးအောင်နိုင်က ပြောသည်။

တားမြစ်သူများက ရန်ကုန်တိုင်းအစိုးရ၏ခွင့်ပြုချက်မှာ အောက်ခြေ လုပ်ဆောင်မှုအဆင့်ဆင်ကို ကျော်လွန် နေသည့်အချက်၊ ရပ်ကွက်ဒေသခံ ၁၈၁ ဦးတို့၏ ကန့်ကွက် ချက်များဖြင့် ယာယီဝတ်ပြုဆောင်ကို တားမြစ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“အခင်းဖြစ်စဉ်မတိုင်ခင် နှစ်ရက်၊ သုံးရက်မှာလာပြီးတော့ လက်မှတ်ထိုးတယ်။ လှုံ့ဆော်မှုတွေလုပ်တယ်။ လုပ်ပြီးတဲ့နောက်ပိုင်းမှာမှ ၁၄ ရက်နေ့မှာ ဒီကိစ္စက ဖြစ်လာတာ။ စည်းရုံးတဲ့အချိန်မှတော့ ခေါင်းစဉ် တစ်မျိုးနဲ့ဖြစ်နိုင်တယ်” ဟု၎င်းကဆိုသည်။

စစ်ဆေးရေးဝင်မည်ဟု ကြိုသတင်းရ

တောင်ဒဂုံ ၁၀၆ ရပ်ကွက်ရှိ ယာယီဝတ်ပြုဆောင်တာဝန်ခံများက ဝတ်ပြုဆုတောင်းနေသူများ ဝတ်ပြု၍ မပြီးဆုံးခင်မှာပင် အာဏာပိုင်များ လာရောက် စစ်ဆေးမည်ဟု ဝတ်ပြုနေသူများကို အသိပေးလိုက်သည်။

အာဏာပိုင်များ လာရောက် စစ်ဆေးမည်ဖြစ်၍ အနှောင့်အယှက် မပေးကြရန်၊ ရိုရိုသေသေ ဆက်ဆံကြ ရန်လည်း ယာယီဝတ်ပြုဆောင် တာဝန်ခံများက ကြိုတင် မှာကြားထားသည်။

အာဏာပိုင်များ လာရောက် စစ်ဆေးမည်ဟု သိရှိရပြီး နောက် ဥပုသ်ပင် မဖြေနိုင်တော့ဘဲ စိုးရိမ်ခဲ့ရသည်ဟု အသက် ၅၀ အရွယ်ရှိ ဦးစလင်းက ပြောသည်။ ၎င်းသည် ၁၀၆ ရပ်ကွက် ယာယီ ဝတ်ပြုဆောင်တွင် ဝတ်ပြုသည့် မွတ်စလင်တစ်ဦးဖြစ်သည်။

“လာရောက်ပြီး စစ်ဆေးမယ်ဆိုတဲ့အချိန်က ဥပုသ်ဖြေမယ့်အချိန်။ အဲဒီသတင်းလေးရတော့ ဥပုသ်တောင် မဖြေနိုင်တော့ပါဘူး။ သတ်ပွဲပဲဖြစ်ကြမလား။ ရန်ပွဲပဲဖြစ်ကြမလား။ ဘာတွေဖြစ်ကြမလဲပေါ့။ ကျွန်တော်တို့က ဒီနေ့ပဲ နောက်ဆုံး ဥပုသ်ပဲဖြစ်မလား။ ဝတ်ပြုပွဲပဲ နောက်ဆုံးပဲဖြစ်မလား ခံစားရပါတယ်” ဟု၎င်းကပြောသည်။

မျိုးချစ်လူငယ်အဖွဲ့ဝင် တချို့ အုပ်ချုပ်ရေး အာဏာပိုင်များနှင့်အတူ လာရောက် စစ်ဆေးသွားခဲ့ပြီးနောက် ၎င်းကို မြို့နယ်ထွေအုပ်ရုံးသို့ ခေါ်ဆောင်ခဲ့ ကြောင်း ထို့နောက် မျိးချစ်ဆို သူများက ဗလီဆောက်လုပ်နေသည်ဟု စွပ်စွဲကာ ယာယီဝတ်ပြုဆောင်ကို ပိတ်သိမ်းခိုင်းခဲ့ကြောင်း ၁၀၆ ရပ်ကွက် ယာယီဝတ်ပြုဆောင် တာဝန်ခံ ဦးရန်အောင်က ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် သွားရောက် တွေ့ဆုံခဲ့စဉ်က မျိုးချစ်ဆိုသူ ၅၀ ခန့်က ထိုရုံးခန်းတွင် စောင့်ဆိုင်းနေခဲ့ပြီး ထွေအုပ်ရုံးပြင်ပတွင်လည်း လူအင်အား ၁၅၀ ခန့် စောင့်ဆိုင်းပြီး ဖိအားပေးခဲ့ခြင်း ဖြစ်သည်ဟု ၎င်းကပြောသည်။

“ထာဝရလည်း ကျွန်တော်တို့က ဒါကြီးကို ဗလီလုပ်ဖို့ဆိုတာ ကျွန်တော်တို့မှာ အင်အားလည်းမရှိပါဘူး။ နိုင်ငံတော်က သနားမှ ကျွန်တော်တို့လုပ်လို့ရမှာပါ” ဟု၎င်းကပြောသည်။

ယာယီဝတ်ပြုဆောင်အဝင်ဝရှိ  ကိုယ်၊ လက် ဆေးကြောသည့် နေရာကို အကြောင်းပြပြီး ဗလီ ဆောက်လုပ်နေခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ကျွန်တော်တို့က ဝတ်ပြုခါနီးမှာ မသန့်မရှင်းဘဲနဲ့ဝတ်ပြုလို့မရဘူး။ တစ်ကိုယ်ရေ တစ်ကာယ သန့်ရှင်းရတယ်။ လက်ဆေးရတယ်။ ခြေထောက်ဆေးရတယ်။ မျက်နှာဆေးရတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ဒါလေးတွေကို ယာယီလုပ်ထားတာ” ဟု ၎င်းက ထိုနေရာကို ပြန်ဖျက်နေသည့် အလုပ်သမားများကို ညွှန်ပြရင်းဖြင့် ပြောသည်။

လာရောက်စစ်ဆေးမည်ဆိုသော သတင်းရပြီးနောက် မျိုးချစ်ဆိုသူများ လာရောက်စစ်ဆေးခဲ့ကြောင်း ထို့နောက် မြို့နယ်ရုံးသို့ ခေါ်ဆောင်၍ သွားရောက်ခဲ့ရာ ယာယီဝတ်ပြုဆောင်ကို ပိတ်သိမ်းပေးရန် ဖိအားပေး၍ လက်မှတ်ထိုးပေးခဲ့ရကြောင်း ၆၄ ရပ်ကွက် ယာယီဝတ်ပြုဆောင် တာဝန်ခံ ဦးတင်စိုးက ပြောသည်။

“အမှန်ကတော့ ခြိမ်းခြောက်ခံရတာ ဖိအားပေးခံရတာပဲ။ ကျွန်တော်တစ်ယောက်တည်းဗျာ။ သူတို့ကအုပ်စုက နည်းတာမှမဟုတ်တာ” ဟု၎င်းကပြောသည်။

မျိုးချစ်အဖွဲ့များက ယာယီဝတ်ပြုဆောင်ကို ပိတ်သိမ်းခိုင်းခဲ့ပြီး ဟယ်လင်(စတုဒီသာ) ကျွေးမွေး ချက်ပြုတ်သည့် အဆောက်အဦနှင့်ဝတ်ပြုသည့်နေရာများကို ဖျက်သိမ်းပေးခဲ့ရသည်ဟု ၎င်းကပြောသည်။

မိုက်ကယ် ကျော်မြင့်

ယာယီ ဝတ်ပြုဆောင်များကို ပိတ်သိမ်းပေးရန် ဖိအားပေးတောင်းဆိုသူများတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းကို အသရေဖျက်မှုဖြင့် ထောင်ဒဏ်ကျခံခဲ့ ဖူးသူ မိုက်ကယ်ကျော်မြင့်မှာလည်း အပါအဝင်ဖြစ်သည်။ ပြီးခဲ့သည့် မတ်လက ရန်ကုန်တွင် ပြုလုပ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ) ကာကွယ်စောင့်ရှောက်ရေး ထောက်ခံပွဲတွင် ဦးဆောင် ဟောပြောခဲ့သူဖြစ်သည်။

တောင်ဒဂုံမြို့နယ် ထွေအုပ်ရုံးရှေ့တွင် ယာယီဝတ်ပြုဆောင်များကို ဗလီဟု သုံးနှုန်းသွားပြီး အစိုးရ အသုံးမကျ၍ ထို ဗလီများ ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း၊ ဘာသာ၊ သာသနာအတွက် တောင်ဒဂုံရှိ ဗလီကို ဖြိုချသွားမည်ဖြစ်ကြောင်း ၎င်းက အော်ဟစ်ပြောဆိုခဲ့သည်။

“ကျုပ်တို့ဘာသာအတွက်၊ ကျုပ်တို့သာသနာအတွက် အဲဒီမင်းမနိုင်တဲ့ တောင်ဒဂုံဗလီကို ဒီည ကျုပ်တို့ပြည်သူတွေ အပြီးဖြိုမယ်”ဟု ၎င်းက အော်ဟစ်ပြောဆိုခဲ့သည်။

မျိုးချစ်အဖွဲ့တွင်ပါလာသူများသည် လွန်ခဲ့သည့် နှစ်နှစ်ခန့်က ကိုယ်၊ လက်ဆေးကြောသည့် အဆောက်အဦ ဖျက်သိမ်းခဲ့ရသည့် ကိစ္စကို သိရှိနေပြီး ထိုသို့ အချက်အလက်များကို ကြိုတင်သိရှိ နေခြင်းမှာ နောက်ကွယ်က ကြိုးကိုင်မှုများရှိနေ၍ ဖြစ်မည်ဟု သံသယဖြစ်ကြောင်း ဦးအောင်နိုင်က ပြောသည်။

“ဒါပေမဲ့ ဒါနဲ့ ပတ်သက်တဲ့ (သမိုင်းကြောင်း) ကို သူတို့တွေက အစအဆုံး အလွတ်ပြောနေတာ။ ဒီတော့ ဒီကိစ္စမှ အခြားသော အာဏာပိုင် အဖွဲ့အစည်းတွေများ ပါဝင် ပတ်သက်နေနိုင်သလားလို့ ကျွန်တော် သံသယရှိမိပါတယ်” ဟု၎င်းက ဆိုသည်။

ထို့ပြင် မျိုးချစ်ဆိုသူများက ဗဟန်းမြို့နယ်၊ ကံညီနောင်ကျောင်းတိုက်၊ ရွှေကြာပန်းဆရာတော်ဟု ဘွဲ့အမည်ရှိသည့် ဆရာတော်တစ်ပါး၏ အမည်ကို အသုံးပြုခဲ့ပြီး ထိုကျောင်းတိုက်အမည်ကို ဗဟန်းတွင်ရှာဖွေစုံစမ်းခဲ့သော်လည်း မတွေ့ရှိခဲ့ဟု ၎င်းကဆိုသည်။

“ကျွန်တော်ကတော့ တကယ်ရှိနေတဲ့ ဆရာတော်တစ်ပါးလို့ မထင်ဘူး။ တွေ့ကရာ ဆရာတော်ရဲ့ နာမည်ကို ထုတ်သုံးလိုက်တာလို့ပဲ ထင်ပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးပေးရန် နိုင်ငံတော်အသိအမှတ်ပြု အစ္စလာမ်သာသနာ အဖွဲ့အစည်း ငါးဖွဲ့ကလည်း နေပြည်တော်ရှိ အစိုးရအရာရှိများထံ စာရေးသား တိုင်ကြားထားကြောင်း အစ္စလာမ်သာသနာရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဦးဝဏ္ဏရွှေက ပြောသည်။

ထိုသို့ ကြွေးကြော်ခဲ့ပြီး တစ်ရက်အကြာတွင် တောင်ဒဂုံမြို့နယ် မြို့နယ်အုပ်ချုပ်မှူး ဦးလှမြင့်က မိုက်ကယ်ကျော်မြင့်နှင့် နောက်တစ်ဦးတို့ကို ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားပြီး မေလ ၂၃ ရက်နေ့ တရားရုံးလာရောက်ဖို့ ဝရန်းထုတ်ထားသည်။ လတ်တလောအထိ ၎င်းတို့နှစ်ဦးကို ရဲကဖမ်းဆီးရမိခြင်း မရှိသေးပေ။

လာရောက်နှောင့်ယှက်သူများတွင် တုတ်၊ ဓားကိုင်ဆောင်သူများပါဝင်ပြီး ရဲတပ်ဖွဲ့က  ၎င်းတို့ကို ဖမ်းဆီးခြင်း မရှိခဲ့ကြောင်း လူစုလူဝေးဖြစ်ခဲ့သည့် တောင်ဒဂုံမြို့နယ် ၆၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ရှေ့တွင် စောင့်ကြည့်လေ့လာခဲ့သူ လူမှုသဟာဇာတဖြစ်ထွန်းရေးအရပ်ဘက်အဖွဲ့ Synergy မှ ဦးဆောင်သူ ကိုသက်ဆွေဝင်းက ဆိုသည်။

တစ်နှစ်မှတစ်လ

၁၀၆ ရပ်ကွက်ရှိ ထာဝရ စုပေါင်း နာရေး အကျိုးဆောင်ရုံးခန်းတွင် မွတ်စလင်များ ဥပုသ်ထွက် ဝါဖြေပြီးနောက် စတုဒီသာအဖြစ် လှူဒါန်းသည့် ဟယ်လင် (ဂျုံ၊ အားလူး၊ ပဲ၊ အသား တို့ရောချက်ထားသည့် ဟင်းရည်) ချက်ပြုတ်ရန် အစ္စလာမ်ဘာသာဝင် လူကြီး လူငယ်များ မနေ့က စုရုံး ရောက်ရှိနေသည်။

အစ္စလာမ်ဘာသာဝင်များအတွက် ရာမဇန်(ဥပုသ်)လမှာ တစ်နှစ်တာကာလအတွင်း ၎င်းတို့ပြုလုပ်ခဲ့သည့် မကောင်းမှုများကို ဘုရားသခင်ထံတွင် ဝန်ခံဆေးကြောရသည့် လဖြစ်သည်။

၎င်းတို့ ရပ်ကွက်ရှိ ယာယီ ဝတ်ပြုဆောင်ပိတ်သိမ်းခဲ့ရပြီး မေလ ၁၈ ရက်နေ့က ပြန်လည်ဖွင့်ခွင့်ရသော်လည်း နောက်ရက်များတွင် ဥပုသ်ဆောက်တည် ဝတ်ပြုရန် မလုံမခြုံစိုးရိမ်စိတ်များ ဖြစ်ပေါ်နေသည်ဟု ဟယ်လင် ချက်ပြုတ်ရာတွင် အကူအညီပေးနေသည့် မွတ်စလင်များထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ဦးစလင်းက ဆိုသည်။

၎င်းတို့ ရပ်ကွက်တွင် နေထိုင်သည့် မွတ်စလင်အများစုမှာ ကျန်ခဲ့သည့် ၁၁ လ လုံး ဝတ်ပြုဆုတောင်းမှု နည်းပါးခဲ့ပြီး ရာမဇန် ဥပုသ်လတွင်သာ ယာယီဝတ်ပြုဆောင်တွင် ဝတ်ပြုဆုတောင်းကြခြင်းဖြစ်သည်။

“တစ်နှစ်မှ တစ်ခါ ဥပုသ်လမှာ ကိုယ့်အပြစ်အနာအဆာကို ဆေးကြောရတဲ့အချိန်မှာ မကောင်းတာကို ကောင်းအောင်ပြုပြင်မယ်။ ကိုယ့် အမှားကို ဝန်ခံမယ်ပေါ့။ အဲဒီလို ကိုယ့်အမှားကိုယ် ဝန်ခံနိုင်တဲ့ ဘဝထိတောင် မရောက်နိုင်ပါလားလို့ တွေးရင်း တော်တော်ခံစားရပါတယ်” ဟု ၎င်းက စိတ်မကောင်းသည့်မျက်နှာဖြင့် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required