သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့် နိုင်ငံသားဖြစ်ကြောင်း ကော်မရှင်အတည်ပြု ကန့်ကွက်၍ မရနိုင်တော့ဟု ဆို

သမ္မတရုံးဝန်ကြီး ဦးသိန်းညွန့် နိုင်ငံသားဖြစ်ကြောင်း ကော်မရှင်အတည်ပြု ကန့်ကွက်၍ မရနိုင်တော့ဟု ဆို

ပုသိမ်၊ အောက်တိုဘာ ၆။        ။ သမ္မတရုံးဝန်ကြီးနှင့် နေပြည်တော်ကောင်စီနယ်မြေ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဦးသိန်းညွန့်သည် နိုင်ငံသားမဟုတ်ဟုဆိုကာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း မဖြစ်သင့်ကြောင်း အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်ကြားမှုကို ကော်မရှင်က စိစစ်ရာတွင် ဦးသိန်းညွန့်သည့် နိုင်ငံသားဖြစ်သည်ဟု ကော်မရှင်က အတည်ပြုပြီး ကန့်ကွက်၍ မရနိုင်တော့ကြောင်း ဧရာဝတီတိုင်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်အောင်က ပြောသည်။

၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း မအူပင်မြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးသိန်းညွန့်ကို ၁၉၄၈ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် ဦးသိန်းညွန့်၏ မိဘများ နိုင်ငံသားဖြစ်ပြီး ဖြစ်သည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပေးပို့သည့် မိတ္တူကို ကိုးကားလျက် ဦးမြင့်အောင်က ပြောခြင်းဖြစ်သည်။ " ဒါ့ကြောင့် ဦးသိန်းညွန့်ဟာ နိုင်ငံခြားသား မဟုတ်ဘူးပေါ့ဗျာ" ဟု ဦးမြင့်အောင်က ပြောသည်။

ဦးသိန်းညွန့်သည် နိုင်ငံသားမဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် မအူပင်မြို့နယ် အမတ်လောင်း ဦးစိန်ဝင်းက တိုင်ကြားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဦးစိန်ဝင်းထံ အကြောင်းပြန်ကြားရာတွင် ဦးသိန်းညွန့်သည် နိုင်ငံသား ဖြစ်သည်ဟု အတည်ပြုပြီး ကန့်ကွက်၍ မရနိုင်တော့ကြောင်းလည်း ဦးမြင့်အောင်က ဆိုသည်။

"ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ဦးစိန်ဝင်းဆီ တိုက်ရိုက် အကြောင်းပြန်လိုက်တာ ကျနော်တို့ တွေ့ပါတယ်။ အဲ့ဒီတော့ ဦးစိန်ဝင်းလည်း ကန့်ကွက်လို့ မရတော့ဘူးပေါ့ဗျာ" ဟု ပြောသည်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည်  တိုင်ကြားမှုနှင့် ပတ်သက်၍  ဦးစိန်ဝင်းသို့ ပထမအကြိမ် ပြန်ကြားရာတွင် " ပထမတစ်ကြိမ် ပို့တဲ့စာကတော့ ကိုယ်စားလှယ်လောင်း စိစစ်တဲ့နေ့မှာ ကန့်ကွက်လို့ရှိရင် အကျုံးဝင်တယ်၊ ကိုယ်စားလှယ်လောင်း စိစစ်တဲ့နေမှာ မကန့်ကွက်တဲ့အတွက် အကျုံးမဝင်ဘူး" ဟုလည်း ပြန်ကြားခဲ့သေးကြောင်း ဦးမြင့်အောင်က ဆိုသည်။

အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ထိုသို့သော အခြေအနေများကို ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြား ထားသော်လည်း လျစ်လျူရှုထားသည်ဟု စက်တင်ဘာ ၂၁ရက်  စမ်းချောင်းမြို့နယ်၊ ပန်းခြံလမ်းရှိ၊ NLD ဗဟို အောင်နိုင်ရေးရုံး၌      ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required