လက်နက်ကိုင်ပဋိပက္ခများကို အကြောင်းပြ၍ အင်အားတိုးချဲ့နေခြင်း မဟုတ်ဟု ဗိုလ်ချုပ်မှူးကြီးပြော

လက်နက်ကိုင်ပဋိပက္ခများကို အကြောင်းပြ၍ အင်အားတိုးချဲ့နေခြင်း မဟုတ်ဟု ဗိုလ်ချုပ်မှူးကြီးပြော
Photo Myawady

အောက်တိုဘာ ၆ ရက် ။          ။ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးနှင့် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများကိုအကြောင်းပြ၍ အင်အား တိုးချဲ့နေခြင်းမဟုတ်ဘဲ ပြည်သူ့အကျိုး စီးပွားဖော်ဆောင်ရန်သာ လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ယင်းသို့ အကြောင်းပြ အင်အားတိုးချဲ့နေသည်ဟု ပြောဆိုမှုများ ရှိနေသော်လည်း ကိုလိုနီကာလ သမိုင်းကြောင်းအား တွက်ဆ၍ အင်အားကြီးနိုင်ငံများ၏ အထင်အမြင်သေးစွာ ပြုမူပြောဆိုခြင်း မခံရစေရေးအတွက် ကာကွယ်ရေးစွမ်းအားကို တည်ဆောက်နေခြင်းသာ ဖြစ်သည်ဟုဆိုသည်။

အောက်တိုဘာ ၅ ရက်နေ့က မော်လမြိုင် ပြည်နယ်ခန်းမတွင် ပြုလုပ်သည့် မွန်ပြည်နယ်ရှိ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများအတွက် ကွန်ပျူတာများနှင့် ဒေသဖွံ့ဖြိုးရေးထောက်ပံ့ငွေများအား ကုမ္ပဏီများနှင့်အတူ လှူဒါန်းရာ၌ ပြောကြားခြင်းဖြစ်သည်။

ခေတ်မီသည့်အတတ်ပညာ၊ နည်းပညာနှင့် ကုန်ထုတ်စွမ်းအားများတိုးတက်စေရေးအတွက် ပညာရေးကဏ္ဍမြှင့်တင်ရန် လိုအပ်သည်ဟုဆိုသည်။ ပညာရေးကဏ္ဍမြှင့်တင်ရန်မှာလည်း တည်ငြိမ်အေးချမ်းမှု လိုအပ်သဖြင့် အောက်တိုဘာ ၁၅ တွင် တစ်နိုင်ငံလုံးအပစ်ရပ်ရေးစာချုပ် NCA ကို လက်မှတ်ထိုးရန် သဘောတူဆောင်ရွက်နေသည်ဟုလည်းပြောကြားသည်။

နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးဆိုင်ရာများကို ပြောကြားခဲ့သည့် ယင်းအခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံများ၊ အလှူရှင်များ တက်ရောက်ကြသည်။

တပ်မတော်ဘက်မှ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ပူးတွဲတာဝန် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ အရှေ့တောင်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးဝင်း၊ ကာကွယ်ရေဦးစီးချုပ်ရုံး (ကြည်း) မှ တပ်အရာရှိများလည်း တက်ရောက်သည်။

မွန်ပြည်နယ်ရှိ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများအတွက် ကွန်ပျူတာ ၁၀ လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ဗလာစာအုပ် ဒါဇင် ၃၀၀၀၊ ဒေသဖွံ့ဖြိုးရေးအတွက် ကျပ်သိန်း ၃၀၀ အား တပ်မတော်မိသားစုများ ကိုယ်စား ဗိုလ်ချုပ်မှူးကြီး က ပြည်နယ် ဝန်ကြီးချုပ်ထံ ပေးအပ်သည်။

ကမ္ဘောဇကုမ္ပဏီ၊ မက်စ်မြန်မာ၊ ထူးဖောင်ဒေးရှင်း၊ ချမ်းဟိန်းကုမ္ပဏီ၊ IGE၊ Gloden Land ကုမ္ပဏီ၊ Gateways Group of Companies၊ Asia World၊ ဧဒင်ကုမ္ပဏီ၊ ကြယ်နီလာကုမ္ပဏီအုပ်စု၊ Sky One & Lucky Man ကုမ္ပဏီ၊ အောင်မြင်သူ ကုမ္ပဏီ၊ Amazing ကုမ္ပဏီ၊ နောင်တုံကုမ္ပဏီ၊ Authentic ကုမ္ပဏီ တို့ကလည်း စုစုပေါင်းငွေ ကျပ်သိန်း ၁၄၀၀၊ ကွန်ပျူတာ အစုံ ၁၄၀ အား ပေးအပ်ကြသည်။

Ref; Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required