လမ်းမပေါ်တက်ရောက်သည့် ကျွဲ၊ နွား၊ ဝက်များကို ဖမ်းဆီးထိန်းသိမ်းရန်နေရာ စီစဉ်နေ

လမ်းမပေါ်တက်ရောက်သည့် ကျွဲ၊ နွား၊ ဝက်များကို ဖမ်းဆီးထိန်းသိမ်းရန်နေရာ စီစဉ်နေ
ဓာတ်ပုံ - AFP

နေပြည်တော်၊ မတ် ၂၇ ။                  ။ နေပြည်တော်ကောင်စီနယ်မြေတွင် အဓိကလမ်းမကြီးများပေါ်၌ စည်းကမ်းမဲ့(ထိန်းကျောင်းသူမပါ) တက်ရောက် လာသည့် ကျွဲ၊ နွား၊ ဝက်များကို ဖမ်းဆီးထိန်းသိမ်းရန်အတွက် တိရစ္ဆာန်ထောင်တစ်ခုကို ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်နေကြောင်း တိရစ္ဆာန်နှင့်သားသတ်ရုံများဌာနမှ ဌာနမှူး ဦးသိန်းနိုင်(ဒုတိယညွှန်ကြားရေးမှူးချုပ်)က ပြောသည်။

အဆိုပါ အချုပ်ထောင်ကို တည်ဆောက်ရန်အတွက် ယခုနှစ် ဘတ်ဂျက်ကာလအတွင်း တင်ထားခဲ့ပေမယ့် ဘတ်ဂျက်စည်းမျဉ်းကမ်း အရ နောက်ကျသွားသောကြောင့် နောက်နှစ်တွင် ဆက်လက်လုပ်ဆောင်မည်ဟု သိရသည်။

“ဖြည့်စွက်မှာလည်း တင်ချင်တင်မယ်၊ ၂၀၂၀-၂၁ မှာလည်း တင်ချင်တင်မယ်၊ ဒါက မဖြစ်မနေလုပ်ရမဲ့ကိစ္စ ၊ နေပြည်တော်က နိုင်ငံတကာပုဂ္ဂိုလ်တွေ လာနေတဲ့နေရာဖြစ်တဲ့အတွက် တလောကဆိုရင် ထိုင်းသံအမတ်ကြီး ကားနဲ့ ကျွဲနဲ့ တိုက်သွားတဲ့ကိစ္စတွေ၊ လေဆိပ်က အထွက်မှာ။ ကျွန်တော်တို့ တိုင်းပြည်အတွက် မကောင်းဘူး”ဟု တိရစ္ဆာန်နှင့် သားသတ်ရုံများဌာနမှ ဌာနမှူး ဦးသိန်းနိုင်က ပြောသည်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီပိုင် သားသတ်ရုံ၏ အရံမြေနေရာအတွင်း တည်ဆောက်သွားရန် စီစဉ်နေပြီး ပညာပေးကာလပြီးမှသာ အရေးယူမည်ဟု သိရသည်။

  1. အဆိုပါနေရာအကောင်အထည်ဖော်ပြီးပါက အဓိက လမ်းမကြီးအချို့ဖြစ်သည့် ရာဇသင်္ဂဟလမ်းမကြီး၊ ပျဉ်းမနား-တောင်ညိုလမ်း(ရွှေနံ့သာလမ်းဆုံ) ၊ ပုဗ္ဗသီရိဘက်ရှိ သံလွင်လမ်းမကြီး စသည့်လမ်းများပေါ်တွင် စည်းကမ်းမဲ့လွှတ်ကျောင်းသည့် ကျွဲ၊ နွားများကို ထိန်းသိမ်းသွားမည်ဖြစ်သည်။

“အဓိက ကျတဲ့ လမ်းမကြီးတွေ အပေါ်မှာကို အရင်စမှာပါ။ လုပ်မဲ့အနေအထားက ချက်ခြင်းလက်ငင်းကြီးတော့ အရေးယူဆောင်ရွက်မှုတွေကတော့ ဟိုဘက် ရွှေပြည်တော် အဝင်လမ်းတို့ဘာတို့လောက်ကတော့ အရင်ကတည်းက ရုံးတင်တရားစွဲတာ ဘာညာ ရှိတယ်။ ကျွန်တေ်ာတို့အဖွဲ့နဲ့ဆိုရင်တော့ ပညာပေးကာလကို ကျွန်တော်တို့က သတ်မှတ်ဦးမှာဗျ။ ပညာပေးကာလသတ်မှတ်ပြီးမှ တစ်လတန်သည၊် တစ်လခွဲတန်သည် ဆက်ပြီးတော့မှ အရေးယူဆောင်ရွက်မှုတွေဆက်လုပ်မှာ”ဟု ဦးသိန်းနိုင်က ဆက်လက်ပြောသည်။

ထိန်းသိမ်းထားမည့် ကျွဲ၊နွားများကို နေပြည်တော် စည်ပင်သာယာရေး ဥပဒေ ၂၆ အရ စီမံခန့်ခွဲရေး ဒဏ်ငွေ၊ တရားရုံးဒဏ်ငွေများဖြင့် လုပ်ဆောင်သွားမည်ဖြစ်ကာ၊ ဖမ်းဆီးစဉ်မှ ၁၄ ရက်အတွင်း ကြေညာချက်ထုတ်၍ လာရောက် ရွေးယူချင်းမရှိပါက နောက်ထပ် ၁၄ ရက်တွင်လေလံတင် ရောင်းချသွားမည်ဖြစ်သည်။

ဒုတိယ ၁၄ ရက်အတွင်းမှာတော့ ပိုင်ရှင်ပေါ်ပါက လေလံကို ဖျက်သိမ်းကာ ပြန်လည်ပေးအပ်သွားမည်ဖြစ်ပြီး လာရောက်ရွေးယူခြင်းမရှိပါက အဖွဲ့ပိုင်ရန်ပုံငွေအဖြစ် ပေးသွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

 “အဓိကကတော့ လက်ရှိ ဒေသခံ မွေးမြူရေးတောင်သူတွေ အရေအတွက်လောက်ကတော့ ကျွန်တေ်ာတို့ အတွက် ပြသနာ မရှိဘူး။ သူတို့ ပြောလိုက်ရင်သူတို့က အဆင်ပြေတယ်။ ရွှေ့ပြောင်းမွေးမြူရေး လုပ်သားတွေ ရှိတယ်။ ဥပမာအားဖြင့် ပျော်ဘွယ်၊ ရမည်းသင်းဘက်ကနေပြီးတော့မှ သူတို့ အစာရေစာ ရှားပါးတဲ့အတွက် မိုးဦးဝင်ရင် ဆောင်းဦးပေါက်ရင် ကျွန်တေ်ာတို့ဘက်ကိုရွှေ့ပြောင်းလာတာ နွားအုပ်လိုက်၊ အုပ်လိုက် ရွှေ့ပြောင်းလာပြီးတော့မှ ပုဗ္ဗသီရိလို နေရာမျိုး ၊ နောက်တစ်ခါ ဒခိဏသီရိလို၊ ဥတ္တရသီရိလိုနေရာ ရွှေ့ပြောင်းခြံလေးတွေကို ယာယီလုပ်ပြီးတော့မှ သူတို့က မွေးမြူလေ့ရှိတယ်ဗျ။ အဲဒါတွေကို ကျွန်တေ်ာတို့က အဓိက ထိန်းရမှာ။ ကျွန်တေ်ာတို့ ဒေသခံတောင်သူတွေက ဒီလောက်ပြသနာမရှိဘူး။ ဒီလောက် အများကြီး မွေးမြူတာလည်း သိပ်မရှိဘူး”ဟု ဦးသိန်းနိုင်က ပြောသည်။

လက်ရှိတွင် စည်းကမ်းဥပဒေ(By Law) ကိုရေးဆွဲထားပြီဖြစ်ပြီး ယခင်က ဖွဲ့စည်းထားသည့် လမ်းဘေးတိရစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ကို ဖျက်သိမ်းရေးအတွက် နေပြည်တေ်ာ ကောင်စီထံမှ အတည်ပြုထားပြီး အသစ်ဖွဲ့စည်းမည့် “ကျွဲ၊ နွား၊ ဝက်များ လမ်းမပေါ် မတက်ရောက်ရေးနှင့် ဖမ်းဆီးထိန်းသိမ်းရေးအဖွဲ့” ကို ပြင်ဆင်ဖွဲ့စည်းပြီးပါက ၄င်းအဖွဲ့ဖြင့် ရပ်ကျေးအထိဆင်း၍ ဒေသခံတောင်သူများကို ပညာပေးရေးအစီအစဉ်အဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကာ၊ ကျွဲ၊ နွားများ လွှတ်ကျောင်းရမည့် စားကျက်နယ်မြေများကို ဖန်တီးပေးရမည်ဟု ၄င်းက ဆက်လက် ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly