ပျဉ်းမနား၊ ဘိုးမသံတောင်စခန်းတိုက်ခိုက်ခံရပြီးနောက်  ဒေသတွင်းလမ်းအချို့ကို စစ်ကောင်စီပိတ်ဆို့ထား

By ကိုဇာနည်(မဇ္စျိမ)
17 August 2023
ပျဉ်းမနား၊ ဘိုးမသံတောင်စခန်းတိုက်ခိုက်ခံရပြီးနောက်  ဒေသတွင်းလမ်းအချို့ကို စစ်ကောင်စီပိတ်ဆို့ထား
ပုံအညွှန်း- စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၍ ပျက်စီးခဲ့သည့်နေအိမ်များ

နေပြည်တော်ကောင်စီနယ်မြေ၊ ပျဥ်းမနားမြို့နယ်၊ တောင်ပေါ်ဒေသရှိ ဘိုးမသံတောင်စခန်း  တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒေသတွင်းလမ်းအချို့ကို ပိတ်ဆို့ထားကြောင်း ဒေသခံများကပြောသည်။

ဘို့မသံတောင်စခန်းကို သံတောင်မြောက်ပိုင်း(အထူးဒေသ)- NTDF နှင့် ရှမ်း/တောင်ဖယ်ခုံ သစ်ကြိတ် (1004)PDF တပ်ရင်းတို့ ပူးပေါင်းပြီး သြဂုတ်လ ၁၀ရက် မှ ဩဂုတ်လ ၁၄ ရက်အထိ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့သည်။ ယခုအခါ စစ်ကောင်စီတပ်က ရေနီမြို့မှ ဘိုးမဖက်သို့ ဆက်သွယ်ထားသည့် လမ်းကို ပိတ်ဆို့ထားပြီး ပြည်သူများအား ဖြတ်သန်းသွားလာခွင့်မပြုကြောင်း သတင်းရရှိသည်။

signal-2023-08-17-163407_003.jpg

ပုံအညွှန်း- စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၍ ပျက်စီးခဲ့သည့်နေအိမ်များ
 


" တိုက်ပွဲက မဖြစ်တော့ဘူး။ စစ်တပ်က လမ်းတွေကို ပိတ်ထား‌တော့ ဈေးရောင်းဈေးဝယ်သမားတွေလည်း အဆင်မပြေတော့ဘူး"ဟု ဒေသခံတဦးကပြောသည်။

ရေနီ - ဘိုးမလမ်းသည် ပျဉ်းမနားမြို့နှင့် ရေနီမြို့ကိုဆက်သွယ်ထားသော လမ်းဖြစ်သည်။ရေနီမြို့ သည် ပဲခူးတိုင်းအရှေ့ခြမ်း၊ ရေတာရှည်မြို့နယ်အတွင်းပါဝင်သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် သြဂုတ်လ ၁၅ ရက်နေ့မှစကာ စစ်ကောင်စီက  ဒေသခံပြည်သူများအား   ရွာထဲသို့ပြန်လည်နေခွင့်ပြုထားသော်လည်း လုံခြုံရေးတင်းကျပ်ထားကြောင်း သိရသည်။တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ဘို့မအထက်ကျေးရွာမှ အိမ်၂၀လုံးထက်မနည်း ပျက်စီးခဲ့သည်။

signal-2023-08-17-163407_002.jpg

ပုံအညွှန်း- စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်၍ ပျက်စီးခဲ့သည့်နေအိမ်များ
 

"စကစက တိုက်ပွဲဖြစ်တဲ့ရက်မှာ လေယာဥ်နဲ့ ဗုံးလာကြဲလို့ ရွာအောက်ပိုင်းမှာ နေအိမ် ခြောက်လုံးနဲ့ ရွာပေါ်ပိုင်းမှာ ၁၅ လုံးအပါအဝင် ခန်းမဆောင် တဆောင်ထိခိုက်ပျက်စီးသွားတယ်"ဟု ဒေသခံတဦးကပြောပြီး ဘေးသင့်ပြည်သူများသည် နေရေး၊စားရေးအခက်အခဲတွေ့နေသည် အသိပေးသည်။

ဘို့မသံတောင် စခန်းအား တိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်က  ၅၀ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းပိုက်နိုင်ခဲ့သည်ဟုNTDFက ထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်ကထိခိုက်မှုကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် သုံး ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်းNTDFက ထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required