မတ် ၂၃ ။ ။ E- Government ဖော်ဆောင်နိုင်ရေး ရည်ရွယ်ပြီး ပြည်ထောင်စုဖောင့်ကို လာမည့် ဧပြီ ၁ ရက်မှ စတင်ကာ အစိုးရဝန်ကြီးဌာနများတွင် အသုံးပြုသွားမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြုလုပ်သော ရှင်းလင်းပွဲတစ်ရပ်အရ သိရသည်။
ကွန်ပျူတာသုံး မြန်မာစာစနစ် (ပြည်ထောင်စုဖောင့်နှင့် ကီးဘုတ်) သည် မြန်မာစာကို မြန်မာရေးထုံးနှင့်အညီ ဆောင်ရွက်ထားသည့်အပြင် ကမ္ဘာ ့စံနှုန်းဖြစ်သည့် ISO 10646 နှင့်အညီ ပြုစုထားကြောင်း၊ အဆိုပါဖောင့်တွင် မြန်မာစကားအပြင် အခြားသော တိုင်းရင်းသားဘာသာစကားများ ဖြင့်ပါ အသုံးပြုလာနိုင်မည်ဖြစ်သောကြောင့် ပြည်ထောင်စုဖောင့်ဟု အမည်ပေးထားခြင်း ဖြစ်ကြောင်း သတင်းနှင့် ပြန်ကြားရေးမှ မတ်လ ၂၃ ရက်တွင် ထုတ်ပြန်သည်။
ယမန်နေ့ မတ် ၂၂ ရက်က နေပြည်တော်တွင် ကွန်ပျူတာသုံး မြန်မာစာစနစ် (ပြည်ထောင်စုဖောင့်နှင့် ကီးဘုတ်) စတင်အသုံးပြုနိုင်ရေး နည်းပညာရှင်းလင်းပွဲကို ပို့/ဆက်ဝန်ကြီးဌာနမှ ပြုလုပ်ခဲ့ပြီး ယင်းသို့ ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။
ယင်းဖောင့်သည် ယူနီကုဒ်စနစ်ကို အခြေခံပြီး Myanmar3 ကို အဆင့်မြှင့်ထားသည့်ဖောင့်လည်းဖြစ်ပြီး ကွန်ပျူတာ Window အနိမ့်၊ အမြင့်အလိုက် ခွဲခြားကာထည့်သွင်းရသည်ဖြစ်ပြီး Myanmar 3 ဖောင့်နှင့် စာရိုက်ရသည့်လက်ကွက်ချင်း တူညီမည်ဟုလည်း သိရသည်။
ထို့ကြောင့် ပြည်ထောင်စုဖောင့်ကီးဘုတ်ဖြင့် ရုံးစာရေးသားခြင်း၊ ဝက်ဘ်ဆိုက်များတွင် အသုံးပြုခြင်း၊ အပလီကေးရှင်းများနှင့် Database များ စသည်တို့တွင်လည်း တပြေးညီ သုံးစွဲသွားနိုင်ကြောင်း သိရသည်။
ပြည်ထောင်စုဖောင့်၏ အားသာချက်သည် မြန်မာ (ဗမာ)၊ ပါဠိ၊ သက္ကတ အပါအဝင် မွန်၊ ရှမ်း၊ စကောကရင်၊ ပိုးကရင် (အနောက်ပိုင်း)၊ ပိုးကရင် (အရှေ့ပိုင်း)၊ ပအိုဝ်း၊ ကယား၊ အရှိုချင်း၊ ပလေးပလောင်၊ရူမာည်းတအောင်း၊ ခမ်းတီးရှမ်း၊ Aiton ၊ Phake ၊ တိုင်းလျမ် ခေါ် ရှမ်းနီ၊ ရွှေပလောင် စသည့် တိုင်းရင်းသားဘာသာစကားများ အသုံးပြုနိုင်ခြင်း၊ ၂၀၁၆ ခုနှစ် မြန်မာစာအဖွဲ့ အကြံပြုသည့် ရေးထုံးသတ်မှတ်ချက်ဖြစ်သည့် ဗျည်းတွဲ ပင့်၊ ရစ်၊ ဆွဲ၊ ထိုး သည် မူလဗျည်းနှင့် ထိဆက်နေခြင်း၊ သရများသည် မူလဗျည်းနှင့် မထိစေခြင်း၊ ပစောက်+ရေးချသည် ဟ နှင့် မတူစေခြင်း ၊ Microsoft Office new versions (Version 2013 and above) ကြောင့် အဆင်ပြေ မြန်ဆန်စွာ ဆောင်ရွက်နိုင်ခြင်း စသည့်အချက်များ ထည့်သွင်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံကွန်ပျူတာအသင်း (MCF) ၏ ဝက်ဆိုက် စာမျက်နှာဖြစ်သည့် http://mcf.org.mm တွင် ပြည်ထောင်စုဖောင့်ကို ဝင်ရောက် Download ရယူ အသုံးပြုနိုင်ကြောင်းလည်း အစိုးရဘက်မှ ပြောဆိုထား သည်။