မဖြစ်ဘူးဆိုတာတော့ မရှိဘူး ဆိုတဲ့ အမုန်းမှသည် ကျော်ထက်ဇော် နှင့် တွေ့ဆုံခြင်း

မဖြစ်ဘူးဆိုတာတော့ မရှိဘူး ဆိုတဲ့ အမုန်းမှသည် ကျော်ထက်ဇော် နှင့် တွေ့ဆုံခြင်း

ပရိသတ်များအားလုံးပဲ မင်္ဂလာပါ ကျွန်တော်တို့ မဇ္ဈိမတီဗီကို ကြည့်ရူကြတဲ့ပရိသတ်တွေကို ကျွန်တော်တို့ရဲ့ Artist Interview အစီအစဉ်ကနေပြီးတော့ ပြန်လည်ကြိုဆိုလိုက်ပါတယ်၊ Artist Interview အစီအစဉ်ကနေ ပရိသတ်တွေအတွက် အနုပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ တွေ့ဆုံမေးမြန်းပေးနေတာပဲ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီနေ့မှာ ဆိုလို့ရှိရင် ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့တဲ့ ညီလေး ကျော်ထက်ဇော်ပဲ ဖြစ်ပါတယ် ခင်ဗျား။

မေး။ ။  အစ်ကိုသိထားတာက အရင်တုန်းက ကျော်ထက်အောင် ဆိုပြီးသိထားတယ်။ အဲ့ဒီတော့ ကျော်ထက်အောင်ကနေပြီးတော့ ကျော်ထက်ဇော် ဆိုတဲ့နာမည်လေး ဖြစ်လာတာကရော ။

ဖြေ။ ။ အစက ကျွန်တော့်နာမည်အရင်းက ကျော်ထက်အောင်ပေါ့နော်၊ အဲ့ဒီကနေမှ တကယ်တမ်း အနုပညာနာမည်အနေနဲ့ လုပ်တော့မယ့်အချိန်မှာ ကိုယ့်အတွက် နာမည်တူ တစ်ယောက် ရှိနေတာလည်းပါတဲ့အတွက် အဲ့ဒါကြောင့် ကိုယ့်နာမည်လေးတစ်ခုနဲ့ ကိုယ့်သီးသန့်လေး ဖြစ်သွားအောင် ဆိုပြီးတော့ ကျော်ထက်ဇော် အနေနဲ့ ကျွန်တော့်ရဲ့ မိခင်ရင်းနဲ့ MRTV 4 က ပြောင်းပေးတာပါ။

မေး။ ။ ဒါဆိုရင် ပထမဦးဆုံး အမုန်းမှသည် ဇာတ်လမ်းတွဲပေါ့။ အမုန်းမှသည် ဇာတ်လမ်းတွဲ ထဲမှာရော ကိုယ်ကိုယ်တိုင် ခေါင်းဆောင်မင်းသားတစ်ယောက်လို့ ပြောရမှာပေါ့နော်။ အဲ့ဒီလိုမျိုး နေရာက ပါဝင်ဖို့အတွက် ကိုယ်တိုင် ဘယ်လိုမျိုးတွေ ကြိုးစားအားထုတ်ခဲ့ရလဲ။

ဖြေ။ ။ ဒီနေရာပါဖို့အတွက် ဆိုလို့ရှိရင် ကျွန်တော် ပထမဦးဆုံး MRTV 4 မှာ ကျွန်တော်အရွေးခံရတယ် ပေါ့နော်။ အရွေးခံရပြီးတဲ့နောက်ပိုင်းမှာ လူရွေးတဲ့အပိုင်းတွေလုပ်ရတယ်၊ ကာရိုက်တာနဲ့ လိုက်မလိုက် တွေ လုပ်ရပါတယ်၊ ကျွန်တော်ဆိုလို့ရှိရင် ပထမဦးဆုံး ကျွန်တော့်အတွက် ဇာတ်လမ်းတွဲလို့ ပြောရတဲ့ အချိန်မှာ နေရာတစ်ခုကို ရောက်အောင် တွန်းပို့ပေးလိုက်တာဟာ ဒါဟာ ကျွန်တော့်ရဲ့ နောက်က ကျွန်တော်ပါနေသရွေ့ ကျွန်တော့်ရဲ့ နာမည်နောက်မှာ ကျော်ထက်ဇော်နာမည်ရဲ့ နောက်မှာ MRTV 4 ပါနေတာပေါ့နော်။ ဒါကတော့ ကျွန်တော့်ရဲ့ ကျေးဇူးရှင်လို့ ပြောရမှာပေါ့။ သူတို့ရဲ့ မြေတောင် မြောက်ပေးမှု အနေနဲ့ပေါ့နော် ၊ ကျွန်တော် ဒီကားလေးကို ရွေးချယ်ပေးတဲ့နောက်မှာ ကျွန်တော် ရိုက်ဖြစ်သွားတယ်ပေါ့။

မေး။ ။  ဒီလိုမျိုး သရုပ်ဆောင်နိုင်ဖို့ဆိုတာ အနုပညာပိုးရှိလို့ပဲ သရုပ်ဆောင်နိုင်ခဲ့တာပေါ့ ။ အဲ့ဒီတော့ ကိုယ့်ရဲ့ အနုပညာပိုးတွေရော ဒီမတိုင်ခင်မှာ ဘယ်နေရာတွေ မှာ ချပြခဲ့သေးလဲ။

ဖြေ။ ။ ဒီမတိုင်ခင်မှာ ကျွန်တော်က ပညာရေးကို ပိုအားစိုက်ရတာများပါတယ်၊ ကျွန်တော့်မှာက အမြဲတမ်း နှစ်ခုကို choice  လုပ်နေရတာများတဲ့အခါမှာ ပညာရေးကလည်း တစ်ဖက်က မိဘကလည်း အင်ဂျင်နီယာတစ်ယောက်ဖြစ်စေချင်တယ်။ ဒါပေမယ့် ကျွန်တော်ကလည်း ဒီဖက်မှာလည်း ပိုအားသန်နေတယ်၊ အဲ့ဒါဆိုတော့ ကိုယ်ကလည်း အရင်တုန်းကဖြစ်ချင်ခဲ့တာက နှစ်ခုလုံး။ ဒါပေမယ့် တကယ်တမ်းပိုပြီး ကိုယ့်အတွက် ပိုပြီးအားစိုက်ချင်တာက ဒီအလုပ်ဖြစ်နေတဲ့အတွက် ဒါကို အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ ရွေးချယ်လိုက်ရတယ်ပေါ့နော်။ အဲ့ဒါကြောင့်မို့ အစပိုင်းမှာ ကျတော့ ကျွန်တော် မော်ဒယ်ရိူးလျှောက်တယ်၊ ပြိုင်ပွဲတွေ ပြိုင်ဖြစ်တယ်။ အဲ့ဒီလောက်ပဲ ကျွန်တော် စာကို ပိုလုပ်နေတာများတယ်ပေါ့၊ အဲဒီတော့မှာမှ ဒီဖက်က ကျွန်တော်တို့ကို အခွင့်အလမ်းတွေ ပေးတဲ့အခါမှာ ကျွန်တော်ပါဝင်ပြီးတော့ လျှောက်ဖြစ်သွားတယ်။ အဲ့ဒီကနေမှ လုပ်ဖြစ်သွားတယ် ဆိုတော့ အစပိုင်းမှာ လှုပ်ရှားမှုက တော်တော်နဲပါတယ်။

မေး။ ။ ခုန ပြောတဲ့ မော်ဒယ်ရှိုးတွေလျှောက်တယ်ဆိုတော့ မော်ဒယ်ပိုင်းနဲ့ ပတ်သက်ပြီးတော့ရော ကိုယ့်အတွက် အမှတ်တရ ဖြစ်စရာလေးတွေရှိခဲ့သေးလား။

ဖြေ။ ။ မော်ဒယ်ပိုင်းနဲ့ပတ်သက်ပြီးတော့ အမှတ်တရ ဆိုရင်တော့ အများကြီးရှိတာပေါ့။ ကျွန်တော်က သရုပ်ဆောင်ပိုင်းကို ပိုပြီးတော့ ကံစပ်တယ်လို့ ပြောရမှာပဲ ။ မော်ဒယ် အနေနဲ့ ကျွန်တော် ပြိုင်ပွဲတွေ ပြိုင်တုန်းကဆိုလို့ရှိရင် ကိုယ်အရမ်းကြိုးစားတယ် ။ အရမ်းလည်း မှန်းတယ်၊ နေရာတစ်ခုကို မှန်းပြီးလုပ်ခဲ့တဲ့အရာတွေရှိတယ်ပေါ့နော်။ အဲ့ဒါမျိုးဆိုလို့ရှိရင် ကိုယ့်အတွက် ကံဆိုတာ လူကအလုပ် ဆိုပေမယ့်လည်း တစ်ခါတစ်လေကျလို့ရှိရင် ကံမစပ်ဘူးလားဘဲ ပြောလို့ရမလားမသိဘူး၊ ဘယ်လောက်ကြိုးစား ကြိုးစား၊ ကိုယ့်ဖက်က အားနဲချက်ရှိနေလို့ နေမှာပေါ့နော် ။ မော်ဒယ်အလုပ် အနေနဲ့ ကျွန်တော် ပြိုင်ပွဲတွေ ပြိုင်မယ်၊ တစ်ချို့ပွဲတွေလည်း ဆုရသလို၊ တစ်ချို့ပွဲတွေလည်း ဆုမရခဲ့ဘူးပေါ့။ အဓိကကတော့ ကျွန်တော်တို့ ကျောင်းမှာ တစ်နိုင်ငံလုံး ကျောင်းပေါင်းစုံပြိုင်ရမယ် ဆိုတဲ့အချိန်မှာ ကျွန်တော်က သန်လျင်ကိုယ်စားပြု မစ္စတာတစ်ယောက်အနေနဲ့ ကျွန်တော် အရွေးချယ်ခံရတယ်ပေါ့နော်။   အဲ့ဒီနှစ်မှာ ရွေးချယ်ခံရပြီးတော့ အစမှာတော့ ကျွန်တော် မော်ဒယ်လုပ်ခဲ့တယ်။ ဒါပေမယ့် ပြိုင်ပွဲတွေပြိုင်တယ် ဆုရဖူးတယ်။ ဒါပေမယ့် ကျွန်တော်က စာက အရေးကြီးတယ်၊ ကျွန်တော်တို့ ကျောင်းက စာတွေက အရမ်းခက်တော့ စာအရေးကြီးတဲ့အတွက် စာဖက်ကို ပြန်လှည့်တယ်၊ လှည့်တဲ့အချိန်မှာ ကျောင်းကနေပြီးတော့ ကျွန်တော့်ကို မစ္စတာတစ်ယောက်အနေနဲ့ သန်လျင်ကိုယ်စားပြုမယ့် လူတစ်ယောက်အဖြစ်နဲ့ ကျွန်တော့်ကို ရွေးချယ်လိုက်တဲ့အတွက် ဒီမှာ ပါပြီးတော့ ကျွန်တော်လုပ်ဖြစ်သွားတယ်ပေါ့နော်။

မေး။ ။ အိမ်ကရော ပညာရေးနဲ့ အနုပညာနဲ့ ဒီလိုမျိုး လွန်ဆွဲနေတဲ့ ကိုယ့်ကို ဘယ်ဖက်ကို ပိုပြီးတော့ အားပေးလဲ။

ဖြေ။ ။ မိဘတွေကတော့ နှစ်ဖက်လုံးကို အားပေးပါတယ်။ ဒါပေမယ့် အဓိကကတော့ ပညာတတ် တစ်ယောက်ဖြစ်ပြီးသွားမှ ပညာဆိုတာလည်း အသိပညာ အတတ်ပညာတွေက ရှိသေးတယ်လေ။ ဒီလိုမျိုးစုံမှ ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်နယ်ပယ်မှာ လျှောက်လှမ်းဖို့အတွက် အဆင်ပြေမှာဆိုတော့ မိဘဆိုတာကတော့ သားသမီးဖြစ်ချင်တာ သူတို့လုပ်ပေးချင်တာပါ။ ဒါပေမယ့် ခုနကပြောတဲ့ အသိပညာရယ် အတတ်ပညာရယ် စုံမှ လူ့လောကထဲမှာ ပိုပြီးတော့ ရပ်တည်လို့ ပိုရမှာ ဆိုတဲ့အတွက် ဒီအတတ်ပညာကို သေချာကို ဖြစ်စေချင်တဲ့အတွက် ပညာရေးကိုပိုပြီး အရင်အားစိုက်စေချင်တယ်၊ ပြီးတော့မှ ဒီဖက်ကို ပိုပြီးလုပ်စေချင်တယ်ပေါ့ အဲ့ဒီလိုမျိုး။

မေး။ ။ သိပ်မကြာခင်ကပဲ အင်ဂျင်နီယာဘွဲ့ကြီးကို ယူနိုင်ခဲ့တာဆိုတော့ အင်ဂျင်နီယာဘွဲ့နဲ့ ပညာရေးလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ရော နောက်ထပ်များ ကိုယ့်အနေနဲ့ ထပ်ပြီးတော့ လုပ်ချင်တဲ့ လောဘ တွေရှိသေးလား။

ဖြေ။ ။ ရှိတယ်၊ ကျွန်တော်က ပညာရေးနဲ့ ပတ်သက်ပြီးတော့လည်း လောဘရှိတယ်။ အနုပညာနဲ့ ပတ်သက်ပြီးလောဘရှိတယ်ပေါ့နော်။ ဒါပေမယ့် ကျွန်တော် ငယ်နေတုန်းမှာ အနုပညာကို ပိုပြီးတော့ အားစိုက်ပြီးတော့ လုပ်မှ ကျွန်တော်နေရာတစ်ရာတစ်ခုကို ရောက်မှာဆိုတော့ ပညာရေးကတော့ အခု မိဘတွေဖြစ်စေချင်တဲ့အတိုင်း ကျွန်တော်လိုချင်တဲ့အတိုင်း ကျွန်တော်ရခဲ့ပြီပေါ့နော်။ နောက်ပိုင်းမှာတော့ ကျွန်တော် အချိန်အားရင် အားသလို အခုလည်း ကျွန်တော့်အချိန်တွေကို တွက်ကြည့်နေတာပေါ့နော်၊ ကျွန်တော် ရရင်ရသလို ကျွန်တော် ဆက်သွားဖို့ရှိတယ်၊ ဆက်သွားဖို့ဆိုတာလည်း ကျွန်တော်တို့ ဒီအလုပ်ဆိုတာ အခုလုပ်နေတဲ့အနုပညာဆိုတာ ကံရယ် ဆန်းရယ်ဆိုတာရှိသေးတယ် ဆိုတော့ ဒီကျွန်တော်တို့ ကံတွေဆန်းတွေက ဘယ်လောက်အချိန်ထိ ရှိမယ်ဆိုတာ ပြောလို့မရဘူး။ ဒီအချိန်မှာ ကျွန်တော်တို့က ပညာရေးကို back up လုပ်ထားရမယ်။ ဒါမှ ကျွန်တော်တို့က တစ်ချိန်ချိန်မှာ ကျွန်တော်တို့ ဆန်းကုန်သွားတဲ့အချိန် ဆိုတာ ကိုယ့်ကြိုးစားမှု တွေနဲ့လည်းဆိုင်တယ်။ ဒါပေမယ့် လူဆိုတာ ပြောလို့မရဘူးပေါ့နော်၊ ဒါပေမယ့် ဒီဖက်မှာ တစ်ဖက်က ပညာရေးရှိနေတဲ့အတွက် အချိန်ပေး။ ဘာလုပ်မှာလဲ၊ ကျွန်တော်တို့ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ choice လုပ်လို့ရတယ်။ ဒီပညာရေးရှိနေလို့ရှိရင် တစ်ဖက်က ဘာတွေ အသုံးချနိုင်မလဲဆိုတာက ဒီကပဲ ဆုံးဖြတ်သွားမှာပေါ့ အဲ့ဒီလိုမျိုး။

မေး။ ။ ကိုယ့်အနေနဲ့ ကျောင်းတက်တုန်းက ခုနက TU ကျောင်းသားတစ်ယောက်ဆိုတော့ TU ကျောင်းသားတစ်ယောက်လည်းဖြစ်တယ်၊ အနုပညာရှင်တစ်ယောက်လည်း ဖြစ်တဲ့အခါကျတော့ ကိုယ့်အနေနဲ့ ကိုယ့်ဘဝမှာ အမှတ်ရစရာ အဖြစ်အပျက်တစ်ခုလောက် ရှိတယ်ဆိုတယ်ဆိုရင် ပြန်ပြီးတော့ Sharing လုပ်ပေးပါဦး၊ အများကြီးတော့ ရှိမှာပဲလေနော့။

ဖြေ။ ။ အမှတ်တရဆိုရင်တော့ အစတည်းက ကျွန်တော် ဒီပိုးပါတာလားမသိဘူး၊ ကျောင်းမှာ အဲ့ဒီလိုမျိုး king တွေ queen တွေ ပထမဦးဆုံး First Year တက်တဲ့အချိန်မှာ ကျွန်တော် အရွေးမခံဖြစ်ဘူး၊ မသွားဘူး။ ဒါပေမယ့် ကျွန်တော် ဘာလုပ်လဲဆိုတော့ ဒီပိုးပါနေတော့ တစ်နည်းမဟုတ်ရင် တစ်နည်းလုပ်ရမယ်၊ ဘာလုပ်မလဲဆိုတော့ သူတို့ First Year မှာ ကျွန်တော်တို့ အခန်းထဲမှာ လာပြီး choice လုပ်တဲ့ အချိန်မှာ ကျွန်တော်မရှိဘူးပေါ့နော် အဲ့ဒီလိုမျိုး။ ဒါပေမယ့် မရှိတော့ ကျွန်တော် စင်ပေါ်မတက်ရဘူးဆို ဘာလုပ်မလဲဆိုရင် ကျွန်တော် အဲ့ဒီမှာ First Year တုန်းက သီချင်းတက်ဆိုတာ တစ်ခုမဟုတ်ရင် တစ်ခုလုပ်ရမယ် ဒီစင်ပေါ်ကို ကျွန်တော်တက်မှရမယ်၊ အဲ့ဒီလို ကျွန်တော့် စိတ်ကူးက ဖြစ်နေတာပေါ့နော်။ ငယ်ငယ်ကတည်းက ပိုးပါတာပဲ ပြောရမလားမသိဘူး၊ အဲ့ဒါလေးကတော့ ကျွန်တော့် First Year မှာ King တွေ Queen တွေရွေးဖို့ choice မလုပ်တာတောင်မှ ကျွန်တော်ကျောင်းမလာလိုက်လို့၊ အလုပ်မခန့်လိုက်ရတာတောင်မှ ကျွန်တော်က စင်ပေါ်ကို တက်ပြီး သီချင်းဆိုလိုက်ရမှ ဆိုတဲ့ စိတ်နဲ့ အကုန်လုံး အမှတ်တရပေါ့နော်။ ဒီအချိန်ထိလည်း ကျောင်းက ဆရာမတွေလည်း မှတ်မိနေတာလေးပေါ့။

မေး။ ။ မော်ဒယ်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ကျတော့ရော ဘယ်မှာ ကိုယ့်အနေနဲ့ ဘာပညာရပ် တွေကို လေ့လာခဲ့ရလဲ။

ဖြေ။ ။ ကျွန်တော်က မော်ဒယ်သင်တန်းတက်ခဲ့တာလည်း မရှိဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းနဲ့ဆိုတော့ တက်ဖို့အချိန်ကလည်း တော်တော်ပေးရတယ်။ ပြီးတော့ မိဘတွေကလည်း ပညာရေးကို အားပေးတဲ့သူတွေဆိုတော့ မော်ဒယ်ပိုင်းနဲ့ ပတ်သက်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း ဘယ်သူ့ဆီက လေ့လာရမလဲမသိဘူး။ ဒါပေမယ့် ဖေစ့်ဘုတ်မှာကြည့်တယ်၊ နိုင်ငံခြားက မော်ဒယ်ရှိုးပွဲတွေကြည့်တယ်၊ ဒီလိုမျိုးကို လုပ်ကြည့်ရတာပေါ့။ လုပ်ကြည့်တော့မှ တစ်ဖြေးဖြေး ကိုယ့်အတွက် စမ်းပြီးတော့ လေ့ကျင့်ကြည့်တယ် ။ အဲ့ဒီမှာ အတွေ့အကြုံတွေ ရလာတယ်။ ဒါပေမယ့် ကျွန်တော် ဒီဖက်ကို သေချာအားစိုက်ခဲ့ရတာနည်းပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ အဓိက ရည်ရွယ်ချက်က တစ်နေ့မှာ ကျွန်တော် ကင်မရာရှေ့မှာ ပြည်သူတွေအတွက် ကျွန်တော် သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ချင်တာက တကယ့် ရည်ရွယ်ချက်ပေါ့နော် ။ ဒီမော်ဒယ်က စပြီးတော့ စခဲ့တာပေါ့။ ဒါပေမယ့် ကျွန်တော် တကယ်လုပ်ချင်တာ ဒီအလုပ်။ သရုပ်ဆောင် အလုပ်ကို ကျွန်တော်ပိုလုပ်ချင်တာ။

မေး။ ။ နောက်ထပ် သရုပ်ဆောင်တာအပြင်  သီချင်းတွေလည်း ဆိုဖူးတယ်ဆိုတော့ ရှေ့ဆက်ပြီးတော့ ကိုယ့်ရဲ့ လမ်းကြောင်းမှာရော သီချင်းတွေ ဘာတွေဆိုဖို့ရော ကိုယ့်အနေနဲ့ ရည်မှန်းထားတာရှိလား။

ဖြေ။ ။ ရှိတယ်ဗျ။ အနုပညာဆိုတာကတော့ ကျွန်တော် ဒီထဲမှာပဲ ခေါင်းစဉ်အောက်မှာပဲ အကုန်လုံး ပါတာပဲ။ ပန်းချီ၊ပန်းပု၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် အကုန်ဝါသနာပါတယ်၊ ဒါပေမယ့် ကျွန်တော်က အကုန်လုံးလုပ်မယ်ဆိုရင်လည်း တစ်ခုမှ သေသေချာချာမဆုပ်ကိုင်မိဘဲနဲ့ ဘာမှ ရေရေရာရာ မဖြစ်မှာဆိုးလို့ပေါ့နော်၊ အဲ့ဒါကြောင့်မို့လို့ အခုချိန်မှာ ကျွန်တော် သရုပ်ဆောင်ပိုင်းကို ပိုပြီးတော့ အလေးထားတယ် ပိုအားစိုက်နေတယ်။ ပြီးတော့မှ တစ်ဖြေးဖြေး ကျွန်တော် သီချင်းပိုင်းလေးတွေ ကျွန်တော်နဲ့ လိုက်မယ့်ဟာမျိုးလေးတွေ ကျွန်တော်သေချာလုပ်မယ်။ ပြီးတော့ အသံနဲ့ ပတ်သက်ပြီးတော့ ဆရာတွေနဲ့ သေချာသင်မယ်ပေါ့နော် အဲ့ဒီလို လုပ်ထားတယ်။

မေး။ ။ အဲ့ဒီတော့ ဝါရင့်သရုပ်ဆောင်တွေနဲ့ တွဲပြီးတော့ သရုပ်ဆောင်ရတဲ့အခါမှာရော သူတို့ဆီကနေပြီးတော့ ဘယ်လိုပညာရပ်တွေကို ပိုပြီးတော့ ကိုယ့်အနေနဲ့ အားစိုက်ယူဖြစ်လဲ။

ဖြေ။ ။ အဓိကကတော့ ဝါရင့်သရုပ်ဆောင်တွေဆီကနေပြီးတော့ မယူခင်ပေါ့နော်၊ ကျွန်တော်က အရင်ပြန်ပေးတာ respect ပေါ့ ၊အဓိကက ကျွန်တော်တို့ လုပ်ငန်းခွင်မှာဆိုလို့ရှိရင် ကြီးကြီးငယ်ငယ် အဓိက မေ့နေကြတာတွေရှိတယ်၊ ဒါကတော့ respect ထားရတာ။ စီနီယာ ဂျူနီယာ ဆိုတာ ကိုယ့်ထက် ဘယ်လိုပဲဖြစ်နေ ဖြစ်နေ ဘယ်နေရာပဲ ရောက်နေ၊ သူ့ စီနီယာဆိုလို့ရှိရင် respect ပေးရမယ်၊ ကျွန်တော်တို့ အရင်ပေးရမှာပေါ့နော်၊ အဓိကက ကျွန်တော် respect ပေးတယ် ပြီးသွားမှ ကျွန်တော် ပြန်ယူရမယ့် အပိုင်းလေးတွေ သရုပ်ဆောင်တွေဆိုတာ ကိုယ့်ထက် လျှောက်လှမ်းခဲ့တဲ့ လမ်းကြောင်း တွေကလည်း အများကြီး၊ ပြီးတော့ အတွေ့အကြုံတွေက အခက်အခဲအများကြီး တွေ့ကြုံခဲ့ရတဲ့ ပညာရပ်တွေ အများကြီး ဒါဆိုတော့ သူတို့ဆီက ယူရမယ့် အခွင့်အလမ်းကောင်းတွေ မှန်သမျှ ကိုယ်ကတော့ စုဗူးတစ်ခု စုထားသလို အကုန်စုထားတာ လိုတဲ့အချိန် ကိုယ်ထုတ်သုံးမှာ ဆိုတဲ့အတွက် အဲ့ဒီပညာရပ် တွေက အများကြီးရတယ်။ ဒါက ဘယ်ကားမှာ ဘယ်ဝါရင့်သရုပ်ဆောင်တွေနဲ့ တွေ့တွေ့ ကျွန်တော် ရအောင် ယူတဲ့ အလေ့အထတစ်ခုပေါ့နော်။

မေး။ ။ ဒါဆို ဒီအနုပညာလောကထဲမှာ လျှောက်လှမ်းနေတာဆိုရင် အစ်ကိုတို့ သိသလောက်ဆိုရင် သုံးနှစ်လောက်ရှိပြီလားမသိဘူး။

ဖြေ။ ။ အဲ့ဒီလောက်တော့ ရှိပြီပေါ့။

မေး။ ။ အဲ့ဒီတော့ သုံးနှစ်လောက်အတွင်းမှာ ကိုယ့်အနေနဲ့ အရမ်းစိတ်ဓာတ်ကျခဲ့ဖူးတဲ့အချိန်ရှိလား။

ဖြေ။ ။ အရမ်းစိတ်ဓာတ်ကျခဲ့ဖူးတဲ့အချိန်ဆိုတာက အဲ့ဒီလိုမျိုးတော့ သိပ်မရှိဘူး၊ ကျွန်တော်က စိတ်ဓာတ်မကျဘူး သိပ်ပြီးတော့။ စိတ်ဓာတ်ကျလာပြီဆိုရင် ကျွန်တော် ပြန်တွေးတာ ဒီအလုပ်မှ မဟုတ်ဘူး၊ ကျွန်တော်ဒီဟာကို Choice လုပ်လိုက်လို့ အစမှာလည်း ခက်ခဲခဲ့တယ်၊ ဒီအလုပ်မှ ခက်ခဲတာမဟုတ်ဘူး တစ်ခြားအလုပ်ကို ထပ်ပြီးတော့ လုပ်မယ်ဆိုလည်း ခက်ခဲဦးမှာပဲ။ ဥပမာ အစ်ကို့လို နေရာမျိုး မေးခွန်းမေးတဲ့နေရာရောက်ဖို့ အတွက် ဆိုလည်း ကျွန်တော်ကြိုးစားရမယ့် နေရာတွေရှိလိမ့်မယ်၊ ဒါ အခက်အခဲတွေလာဦးမှာ။ ဒါဆိုတော့ စိတ်ဓာတ်ကျလာပြီဆိုရင် ပြန်တွေးလိုက် ဒါကို ဘယ်လိုဖြေရှင်းရမလဲ၊ ကျွန်တော်တွေးတယ် အခုကိုယ်က ကြိုးစားဖို့ အခုဆိုရင် ကျွန်တော်တို့ဆိုတာက ဘာမှမဟုတ်သေးဘူး၊ ဒီလမ်းကိုပြေးဖို့အတွက်က အခုမှ အရှိန်ယူတုန်း ရှိသေးတယ် ဆိုတော့ အခုအချိန်မှာ အရှိန်ယူတုန်းကို စိတ်ဓာတ်ကျသွားမယ်ဆိုလို့ရှိရင် နောက်ပြန်ဆုတ်သွားမှာ နောက်တော့ ပြန်အဆုတ်မခံနိုင်ဘူး။ ကျွန်တော်က ဒါကို Choice လုပ်ပြီးသွားပြီဆိုတော့ ရေကုန်ရေခမ်းဆက်သွားဖို့ပဲ ရှိတဲ့အတွက် အရမ်းကြီးစိတ်ဓာတ်ကျပြီးတော့ ဘုံးဘုံးလဲသွားတယ်ဆိုတာမျိုးတော့ သိပ်မရှိဘူး။ ဒါပေမယ့် တစ်ခုတော့ ဖြစ်ခဲ့ဖူးတယ် အဲ့ဒါ ဘာလဲဆိုတော့ အမုန်းမှသည်ကို ကျွန်တော့ရဲ့ အမုန်းမှားသည်ရဲ့ လူရွေးမယ် မရွေးဘူး ဖြစ်နေတဲ့အချိန်မှာ ကျွန်တော်ရဲ့စိတ်ကလည်း အမုန်းမှားသည် ဆိုတဲ့ကားက ရိုက်နိုင်အောင် ကျွန်တော် အရမ်းကြိုးစား လုပ်ချင်နေပြီ၊ ဒါပေမယ့် ကျွန်တော် မပါတော့ဘူးလို့ ကျွန်တော်ထင်တဲ့ အချိန်မှာ အိပ်ယာထဲလဲသွားဖူးတယ်။ အဲ့ဒီလောက်ထိကို ကျွန်တော်စိတ်က အရမ်းကြီး ဖီလ်းဖြစ် တယ်၊  ကျွန်တော်ခံစားတယ် ကျွန်တော်ခံစားလို့လည်း ဒီကားလေးမှာ ကျွန်တော် သေချာလေး ရတဲ့အခွင့်အရေးကို ကြိုးစားခဲ့တယ်။ ရတဲ့အခွင့်အရေးကို ကြိုးစားခဲ့လို့ ပရိသတ်တွေလည်း ကျွန်တော်ရခဲ့တယ်ပေါ့နော်၊ အဲ့ဒါကြောင့်မို့လို့ အဲ့ဒီတုန်းက တစ်ခေါက်တော့ ကျွန်တော် တော်တော်စိတ်ဓာတ်ကျပြီးတော့ အိပ်ယာထဲမှာနှစ်ရက်လောက် ဘာမှ မစားချင်လောက်အောင် ဖြစ်သွားတယ်၊ ဒါပေမယ့် ပြန်တွေးတယ် ဒီကားမှာ မဖြစ်ဘူးဆိုရင် မဖြစ်ဘူးဆိုတာတော့ မရှိဘူး၊ ကျွန်တော် ဖြစ်အောင်လုပ်ခဲ့တယ်၊ ဖြစ်ကို ဖြစ်ရမယ် ဒီသတင်းကိုပဲ စောင့်နေတာ၊ ဒါပေမယ့် မပါဘူးလားဆိုတဲ့ စိတ်ကတော့ ကိုယ့်မှာရှိနေတဲ့အတွက် အဲ့ဒီစိတ်လေးကို ဖျောက်ပစ်လိုက်တယ်၊ အတတ်နိုင်ဆုံး ရက်ကိုစောင့်မယ်ဆိုတော့ ပါသွားတဲ့အချိန်မှာ ကိုယ့်အတွက် အဲ့ဒီနေ့က အမှတ်တရနေ့လေး တစ်နေ့ ဖြစ်သွားတာပေါ့။   ။

( ဆက်ရန် )

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required