အချက် ၂ ချက်ကြောင့် ငြိမ်းချမ်းရေး ပျက်သွားမှာကိုလည်း မလိုလားဟု ဗိုလ်ချုပ်ကြီးယွက်စစ် ပြော

အချက် ၂ ချက်ကြောင့် ငြိမ်းချမ်းရေး ပျက်သွားမှာကိုလည်း မလိုလားဟု ဗိုလ်ချုပ်ကြီးယွက်စစ် ပြော

ရန်ကုန်၊ မတ် ၈ ။          ။      တပ်မတော်မှ တင်ပြထားသည့် ခွဲမထွက်ရေးနှင့် တစ်ခုတည်းသောတပ်မတော် ထားရှိရေး အချက် ၂ ချက်ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်ဆို့ခြင်း မဖြစ်စေချင်သလို ငြိမ်းချမ်းရေးပျက်သွားမည်ကိုလည်း မလိုလားကြောင်း PPST ဒုတိယဥက္ကဋ္ဌ ၊ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မတ်လ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးအပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့နေရာမှာ စိတ်ရှည်လက်ရှည်ထားဖို့လိုတယ် ၊အချိန်ယူဖို့ လိုတယ်။ ကိုယ့်ရပ်တည်ချက်ကို အသေ မကိုင်ထားဖို့ လိုတယ်။ အလျော့အတင်း လုပ်ဖို့ လိုအပ်ပါတယ်။ အဲ့လိုမှပဲ ကျွန်တော်တို့ဆွေးနွေးတယ်ဆိုတဲ့ သဘောဆောင်ပါမယ်။ ခုနက ပြောတဲ့အချက် ၂ ချက်ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းက တစ်ဆို့တယ်၊ရှေ့မတိုးဘူး အဲ့လိုလည်း မဖြစ်စေချင်ပါဘူး။ ငြိမ်းချမ်းရေး ပျက်သွားမှာကိုလည်း မလိုလားပါဘူး” ဟု  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

ခွဲမထွက်ရကိစ္စနှင့် တစ်ခုတည်းသောတပ်မတော်ကိစ္စများ ကြားဖြတ်ဝင်လာ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တစ်ဆို့လာရသောကြောင့် တပ်မတော်ကို မေတ္တာရပ်ခံလိုကြောင်းလည်း ၎င်းက ဆိုသည်။

ခွဲမထွက်ရကိစ္စမှာ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တို့လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် (NCA) တွင် လည်းပါဝင်ခြင်းမရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံမှာသာ ပါဝင်ခြင်းဟုလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။  

ထို့အပြင် တစ်ခုတည်းသောတပ်မတော်ထားရှိရေးကိစ္စမှာလည်း လုံခြုံရေးကဏ္ဍ၏ခေါင်းစဉ် အောက်မှာတွင် ပါဝင်ခြင်းဟုလည်း ၎င်းကပြောသည်။

“ ဒီကိစ္စကိုဆွေးနွေးတဲ့နေရာမှာ ကျွန်တော်တို့ တရားဝင်ဆွေးနွေးပွဲကနေဆွေးနွေးတာထက် အလွတ်သဘော နည်းနဲ့ တွေ့ဆုံဆွေးနွေးရင် အဆင်ပြေမယ်လို့ထင်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ဆိုသည်။

ဒီခွဲမထွက်ရ ကိစ္စနဲ့ပတ်သတ်၍ တပ်မတော်၏ စိုးရိမ်ပူပန်မှုကိုနားလည်းကြောင်းနှင့် PPST အဖွဲ့ အတွင်းတွင်လည်း ခွဲထွက်ခွင့် တောင်းဆိုမည်ဟု ဆွေးနွေးဖူးခြင်းမရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် PPST အဖွဲ့ခေါင်းဆောင်အဖြစ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် ဒုတိယ အဖွဲ့ခေါင်းဆောင်အဖြစ် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်တို့က တာဝန်ယူထားခြင်းလည်း ဖြစ်သည်။

သို့သော်လက်ရှိတွင် ခေါင်းဆောင်ပိုင်းနေရာကိုတာဝန်ယူထားသည့် KNU နှင့် RCSS တို့အနေဖြင့် PPST အဖွဲ့ ခေါင်းဆောင်ပိုင်း အပြာင်းအလဲ ပြုလုပ်ရန်လည်း ရှိနေသည်။

အစိုးရနှင့်တစ်နိုင်ငံလုံးအပစ်ရပ် စာချုပ်ရေးထိုးသည့်  ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး(CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNL)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP) ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မွန်ပြည်သစ်ပါတီ ( NMSP ) နှင့် လားဟူ ဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ၁၀ ဖွဲ့ဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် PPST ကို ဖွဲ့စည်းထားခြင်းလည်းဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly