ပြင်ဦးလွင်ကို ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေဖြစ်ရန် ဆောင်ရွက်နေ

ပြင်ဦးလွင်ကို ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေဖြစ်ရန် ဆောင်ရွက်နေ
 (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

မန္တလေး၊ ဖေဖော်ဝါရီ ၆ ။             ။ ပြည်တွင်း၊ပြည်ပခရီးသွားများ လာရောက်အပန်းဖြေလည်ပတ်လျက်ရှိသည့် ပြင်ဦးလွင်မြို့ကိုဆေးလိပ်ငွေ့ ကင်စင်နယ်မြေဖြစ်စေရန် မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင် ကျန်းမာရေးဦးစီးဌာနက စီမံချက်ချ ဆောင်ရွက်ရန် စီစဉ်လျက်ရှိသည်။

 "နိုင်ငံခြားသားခရီးသည်တွေ ဝင်ထွက်နေတဲ့မြို့မှာ မြို့ပုံရိပ်ကောင်းတစ်ခု ဖြစ်အောင်လို့ပါ။ အချိန်အတော်လေး ယူပြီး စီမံချက်ချလုပ်ရမှာပေါ့။"ဟု ပြင်ဦးလွင်ခရိုင် ကျန်းမာရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာသန်းဝင်း က ပြောသည်။

 ပြင်ဦးလွင်မြို့ကို ဆေးလိပ်ငွေ့ကင်းစင်နယ်မြေ ဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ၊ အားကစားရုံ၊ အားကစားကွင်းများ၊ကလေးအားကစားကွင်းများ၊ဘာသာရေး အဆောက်အအုံများ၊ အစိုးရရုံးဌာနများ၊ ဟိုတယ်၊ မိုတယ် ၊ ဧည့်ဂေဟာနှင့် တည်းခိုရိပ်သာများနှင့် လူစည်ကားရာနေရာများတွင် ဆေးလိပ်သောက်ခွင့် မရှိသော နေရာများအဖြစ်သတ်မှတ်ပြီး ပညာပေးဟောပြော ဆွေးနွေးမှုများပြုလုပ်ကာ ဆေးလိပ်သောက်ခွင့် ရှိသော နေများကို သီးသန့် ထားရှိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 "ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ ဌာနဆိုင်ရာရုံးတွေကို အရင်ဆုံး စဖို့လုပ်နေတယ်။ကျောင်းတွေကတော့ ဇွန်လလောက် စလုပ်မယ်။"ဟု ဒေါက်တာ သန်းဝင်းကပြောသည်။

 ဆေးလိပ်ငွေ့ကင်းစင်သည့် ပတ်ဝန်းကျင်ကိုဖန်တီးလိုက်ခြင်းသည် လူထုကျန်းမာရေးအတွက် ရလဒ်ကောင်းနှင့် မြို့ဂုဏ်လည်း တက်လာမည်ဖြစ်ကြောင်း ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲခဲ့ခြင်းကြောင့် မြန်မာနိုင်ငံတွင် နှစ်စဉ် လူဦးရေ ခြောက်သိန်းကျော် သေဆုံးနေသည်ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းက ထုတ်ပြန်ထားသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ ဆေးလိပ်ငွေ့ကင်းစင်ရေး လုပ်ငန်းဆွေးနွေးပွဲကိုလည်း ဇန်နဝါရီလ ၂၉ ရက်က မန္တလေးမြို့၊ရွှေနိုင်ငံဟိုတယ် ကျင်းပပြုလုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required