လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

လူငယ်နဲ့ စကားပြေအရေးအသား အမှားပြဿနာ

စကားပြေအရေးအသားဟာ ပြောစကားအပေါ်အခြေခံတာဖြစ်လို့ တကယ်တော့ လွယ်ပါတယ်။

စာပေဟာ ကျနော်တို့နေ့စဉ်ပြောဆိုနေတဲ့စကားကိုပဲ စာဟန်ပေဟန်နဲ့ပြန်ရေးဖို့ကြိုးစားရင်းက ပေါ်ပေါက်လာတဲ့ ယဉ်ကျေးမှုဆိုင်ရာ ပညာရပ်တစ်ခုပါပဲ။

ဒါပေမယ့် ပေါ့တော့မပေါ့လိုက်ပါနဲ့။ ငါတို့နေ့စဉ်ပြောဆိုနေတဲ့စကားကိုပဲ ပြန်ရေးတာဖြစ်လို့ဆိုပြီး ပေါ့ပေါ့တန်တန်တော့ သဘောမထားလိုက်ပါနဲ့။ ပြောစကားနဲ့ စာပေဟာ အခြေခံတူပေမယ့် စာပေမှာက တိကျတဲ့အခြေခံက လွဲဖယ်ပြီး ရေးလို့သားလို့မရပါဘူး။ တချို့စည်းကမ်းနည်းလမ်းတွေဟာ နည်းနည်းလေးမှ ပြင်လို့ပြောင်းလို့မရတဲ့ စည်းကမ်းနည်းလမ်းတွေဖြစ်ပါတယ်။ ပြောစကားမှာကြတော့ တချို့စကားလုံးတွေ တချို့ဝိဘတ်တွေ တချို့ကြိယာတွေကို ဖြုတ်ချချန်ထားပြီး ပြောလို့ဆိုလို့ရကြပါတယ်။ တကယ်တော့ အဲဒီတမင်ဖြုတ်ချချန်ထားပြီးထားခဲ့တဲ့အရာတွေဟာ ထည့်မပြောတာပဲဖြစ်ပေမယ့် အတိအကျအထင်အရှား ပါဝင်ပြီးဖြစ်တယ်လို့ လူတွေက နားလည်မှုနဲ့လက်ခံထားလိုက်တဲ့သဘောပါပဲ။

ဥပမာ “စားမယ်” ဆိုတဲ့ ပြောစကားမှာ “ငါ” ဆိုတဲ့စကားလုံးကို ထည့်မပြောပဲချန်ထားခဲ့တဲ့သဘော အားလုံးက နားလည် လက်ခံကြပါတယ်။ ဒါကို စာအနေနဲ့ ချရေးရပြီဆိုရင်တော့ ကတ္တားဖြစ်တဲ့ “ငါ” ဆိုတဲ့စကားလုံးကို မလွဲမသွေ ထည့်ရေးရပါလိမ့်မယ်။ “ငါ စားမယ်” လို့ အပြည့်အစုံ ရေးမှရမှာပါ။ ဒီဥပမာဟာ ပြောစကားနဲ့ စာပေ မတူတဲ့အချက် အလွယ်ဆုံး ဥပမာပေးလိုက်တာပါ။

ပြီးခဲ့တဲ့လထဲက ကျနော့်ဆီကို သတင်းထောက်မိန်းကလေးတစ်ယောက်က သူရေးထားတဲ့ သတင်းဆောင်းပါးတစ်ပုဒ် ပို့ပေးပြီး အကူအညီတောင်းပါတယ်။ ပြင်ဆင်တည်းဖြတ်ပေးဖို့နဲ့ လိုအပ်တဲ့အကြံညာဏ် လှမ်းတောင်းတာပါ။

ကျနော်နဲ့ ခင်မင်ရင်းနီးတာမှန်ပေမယ့် သူ့ခမျာ သတင်းဆောင်းပါးမပြောနဲ့ ရိုးရိုးသတင်းတိုတစ်ပုဒ်ရေးရင်တောင် အနိမ့်ဆုံး စာလုံးပေါင်းသတ်ပုံတွေကအစ အဆင်မပြေချင်တဲ့သူဖြစ်တယ်ဆိုတာ သိထားလို့ စိတ်ညစ်ခဲ့ရပါတယ်။ သူ့အတွက် ပိုပြီး စိတ်မကောင်းဖြစ်ရတဲ့အချက်က သူအလုပ်လုပ်ကိုင်နေတဲ့သတင်းဌာန တာဝန်ရှိသူ အယ်ဒီတာက သူ့ဆောင်းပါးအပေါ် သဘောထားပေးတဲ့အခါ သူ့ခမျာ တော်တော်လေးစိတ်ဖိစီးသွားရပြီး ကြံရာမရတဲ့အခါ ကျနော့်ဆီလှမ်းပြီး အကူအညီတောင်းလာတာပါပဲ။

သူ့ဆောင်းပါးကို ဖတ်တဲ့အခါ သူကိုယ်တိုင်ဖုန်းနဲ့ပြောပြတာကို  ကြားပြီးတဲ့အခါ သူ့ခံစားချက်ကိုနားလည်ပေမယ့် စိတ်မကောင်းဖြစ်ရုံကလွဲပြီး ကျနော့်မှာ မကူညီနိုင်ခဲ့ပါဘူး။ သူ့ပြောပြတဲ့စကားနဲ့ သူ့ဆောင်းပါးအရဆိုရင် သူဟာ ဒီသတင်းနဲ့ပတ်သက်ပြီး ထိထိရောက်ရောက် တိတိကျကျ အချိိန်ယူလုပ်ကိုင်ခဲ့ရတဲ့အပြင် စွန့်စွန့်စားစား သွားလာလုပ်ကိိုင်ခဲ့ရတာလည်း အမှန်ပါပဲ။ သူ့ဆောင်းပါးဟာ အခိုင်အမာ အကြောင်းအရာပါ။ ဒါပေမယ့် ရိုးရိုးစကားပြေတောင်မှ ဖြောင့်အောင်မရေးတတ်တဲ့သူဆိုတော့ သူ့သတင်းဆောင်းပါးဟာ မရှည်သင့်တာတွေပိုရှည်ပြီး ရှုပ်ထွေးကုန်တော့တာပေါ့။ ခက်တာက သူ့ဆောင်းပါးကို တည်းဖြတ်ဖို့ဆိုရင် ကိုယ်က အကုန်ပြန်ရေးရမလိုဖြစ်လို့ ကျနော့်မှာ မကူညီနိုင်ခဲ့ပါဘူး။ သူ့ခဗျာလည်း တော်တော်လေးစိတ်ထိခိုက်သွားရှာပါတယ်။

ဒီအဖြစ်အပျက်ဟာ စကားပြေအရေးအသား အကျွမ်းတဝင်မဖြစ်တဲ့လူတစ်ယောက်ရဲ့ အားနည်းချက်ပါပဲ။ အကြောင်းအရာက အင်မတန်ကောင်းပေမယ့်လည်း စကားပြေမရေးတတ်တော့ ကုန်ကြမ်းရှိပေမယ့် ကုန်ချောဖြစ်အောင် မလုပ်နိုင်ခဲ့တဲ့သဘောပေါ့။

ဒါက ဘာကိုပြသလဲဆိုတော့ ကိုယ်ကျင်လည်ဖြတ်သန်းရတဲ့နယ်ပယ်မှာ အရေးအကြီးဆုံးဖြစ်တဲ့ စကားပြေအရေးအသားကို လွယ်တယ်လို့ပဲ အစက ထင်ထားခဲ့တာက တရားခံပါပဲ။ ဒီကြားထဲ သတင်းဌာနတချို့ရဲ့ စကားပြေအရေးအသား အလေးအနက်ထားမှုမရှိတဲ့သူတွေကြား သူ့ခဗျာဖြတ်သန်းခဲ့ရပုံလည်း ရပါတယ်။ အခုတော့ တခြားအလုပ်အကိုင်ပြောင်းလုပ်ရရင်ကောင်းမလားဆိုတဲ့အတွေးမျိုးအထိ သူ့မှာ တွေးလာခဲ့ရပါတယ်။

တချို့လူငယ်တွေကို ကြုံတုန်းအကြံပြုချင်ပါတယ်။ စကားပြေနဲ့ပတ်သက်ပြီး တလွဲမာန မထားကြပါနဲ့။ စနစ်တကျလေ့လာဖို့ အချိန်မရရင် စကားပြေများများတော့ အချိန်တိုင်းရေးသင့်ပါတယ်။ သတင်းထောက်ဆိုရင်လည်း သတင်းထောက်မို့ အယ်ဒီတာဆိုရင်လည်း အယ်ဒီတာမို့ တို့တို့တိတိ သတင်းလေးတွေလောက်နဲ့ ကျေနပ်မနေကြပါနဲ့။ သူများဖတ်ရင် သာမာန်နားလည်ရင်ပြီးရောဆိုတဲ့ အသိလောက်နဲ့လည်း ရပ်မနေကြပါနဲ့။

ကျနော်တွေ့ဖူးတဲ့ လူငယ်တချို့ဟာ လူငယ်အများစုရဲ့စိတ်နေသဘောထားအတိုင်း မာန်ရှိနေတတ်ပါတယ်။ ကိုယ်မသိတာ မတတ်တာကို လူသိမခံချင်တဲ့စိတ်ထားပါ။ ပိုဆိုးတာက ကိုယ်က သိနေတတ်နေတယ်လို့ပဲ မသိစိတ်နဲ့လက်ခံထားတဲ့ကိစ္စပါပဲ။ အဲဒီလိုစိတ်ထားက အဲဒီလူငယ်ကို နေရာမှတွင် ရပ်တန့်သွားစေတဲ့ စိတ်ထားပါပဲ။ သူ့မှာ သည့်ထက်တိုးတက်လာစရာလမ်း မမြင်တော့တဲ့သဘောပါပဲ။ မသိတာ မတတ်တာဟာ ရှက်စရာမဟုတ်ပါဘူး။ ကိုယ်တကယ်မသိဘဲ သိဟန်တတ်ဟန်ဆောင်ချင်တဲ့စိတ်ကသာ ရှက်စရာပါ။ အဲသလိုလူငယ်တွေဟာ သူတို့လတ်တလောရရှိထားတဲ့ အခွင့်အရေးအရသာ အလုပ်လုပ်ကိုင်နိုင်ကြပြီး တကယ်ကွင်းထဲဆင်းကြရတဲ့အခါ တကယ်တတ်သိတဲ့အခြားလူငယ်တွေကြား ရောက်တဲ့အခါ ဒုက္ခလှလှ ကြုံရမှာပါပဲ။

အခုဆိုရင် ကျနော့်ဆီအကူအညီတောင်းခဲ့တဲ့ မိန်းကလေးဟာ စကားပြေအရေးအသား ထိထိရောက်ရောက်တတ်အောင် မကြိုးခဲ့မိလို့ လုပ်ငန်းခွင်ထဲရောက်ပြန်တော့လည်း တူတူတန်တန် နားလည်တတ်သိသူများရဲ့တွဲခေါ်မှုကို မရခဲ့ပဲ အဖြစ်သဘောသာသာ ကျင်လည်လုပ်ကိုင်ခဲ့လို့ ဒါ့အပြင် စကားပြေအရေးအသား တကယ််တော့ ေ့ရးလို့လုပ်လို့ရနေတာပဲဆိုတဲ့စိတ်နဲ့ နေလာခဲ့မိလို့ တကယ့်တကယ်အရေးကြုံလာတဲ့အခါ ဒုက္ခနဲ့ကြုံရတဲ့သဘောပါပဲ။

ကဲ ဒီကနေ့တော့ ဒီမျှနဲ့ရပ်နားခွင့်ပြုပါ။

နောက််နေ့တွေကြရင်တော့ စာပုဒ်ဖွဲ့စည်းမှုအကြောင်း ဆက်သွားကြရပါလိမ့်မယ်။ လူငယ်များ စကားပြေအရေးအသား မှန်ကန်ကြွယ်ဝ လှပနိုင်ကြပါစေ။

Mizzima Weekly