သတင်းထောက်အသတ်ခံရမှုမှာ ဆော်ဒီမင်းသားအနေနဲ့ တာဝန်ခံရမယ်လို့ ထရမ့်အပေါ် သြဇာညောင်းတဲ့ မိတ်ဖက်လွှတ်တော်အမတ် ပြော

သတင်းထောက်အသတ်ခံရမှုမှာ ဆော်ဒီမင်းသားအနေနဲ့ တာဝန်ခံရမယ်လို့ ထရမ့်အပေါ် သြဇာညောင်းတဲ့ မိတ်ဖက်လွှတ်တော်အမတ် ပြော

အန်ကာရာ၊ ဇန်နဝါရီ ၁၉ ။         ။ သတင်းထောက် ခါရှိုဂျီ အသတ်ခံရမှုမှာ ဆော်ဒီမင်းသားအနေနဲ့ တာဝန်ခံရမှာဖြစ်တယ်လို့ အမေရိကန်လွှတ်တော်အမတ်တစ်ဦးက စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။

သမ္မတ ထရမ့်အပေါ် သြဇာညောင်းမှုရှိတဲ့ မိတ်ဖက်ဖြစ်သူ ရီပတ်ဘရီကန်အမတ် လင်ဆေးဂရေဟမ်ဟာ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်နဲ့ ခြိမ်းခြောက်ပြောဆိုမှုမှာ ထည့်သွင်းပြောဆိုသွားတာပဲ ဖြစ်ပါတယ်။

 အောက်တိုဘာလအတွင်းက ဝါရှင်တန်ပို့စ် ကော်လံစားသတင်းထောက် ခါရှိုဂျီကို ရက်ရက်စက်စက် သတ်ဖြတ်ခံရမှုမှာ ဆော်ဒီအာရေဗျအိမ်ရှေ့မင်းသား မိုဟာမတ်ဘင်ဆာလမန်က ပါဝင်ပတ်သက်မှု ရှိတယ်လို့ ဂရေဟမ်က အရင်ကလည်း ပြောဆိုထားဖူးသူ ဖြစ်ပါတယ်။

 “ဘင်ဆာလမန်အနေနဲ့ ဒီလူသတ်မှုမှာ တာဝန်မခံမချင်း ဆော်ဒီအာရေဗျနဲ့ အမေရိကန်ဆက်ဆံရေးကို ရှေ့တိုးနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် သုံးသပ်မိပါတယ်။”လို့ ဂရေဟမ်က ပြောပါတယ်။

 ဒါအပြင်လည်း ခါရှိုဂျီကို သတ်ဖြတ်မှုမှာ ပါဝင်တယ်လို့ သံသယရှိသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုသစ်တွေ ချမှတ်သွားမယ်လို့ တူရကီမှာ ရောက်ရှိပြီး ကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်မှာ ဂရေဟမ်က ခြိမ်းခြောက်ပြောဆိုပါတယ်။

 အမေရိကန်၊ ပြင်သစ်နဲ့ ကနေဒါအပါအဝင် အနောက်နိုင်ငံတွေဟာ ဒီသတင်းထောက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဆော်ဒီနိုင်ငံသား ၂၀ နီးပါးကို ဆန်ရှင်ချမှတ်ထားတာလည်း ဖြစ်ပါတယ်။

 ဆော်ဒီဘုရင့်အသိုင်းအဝိုင်းကို ဝေဖန်လေ့ရှိတဲ့ ဆော်ဒီအာရေဗျနိုင်ငံသား သတင်းထောက်ခါရှိုဂျီဟာ တူရကီက ဆော်ဒီသံရုံးဝင်းမှာ အသတ်ခံရတာဖြစ်ပြီး ဒီလူသတ်မှုကို ဆော်ဒီမင်းသားက စေခိုင်းတယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required