ကောင်းမှုတော်စေတီ အဖြူဆေးသင်္ကန်းကပ်လှူနိုင်ရေး စတင် လုပ်ဆောင်နေပြီ

ကောင်းမှုတော်စေတီ အဖြူဆေးသင်္ကန်းကပ်လှူနိုင်ရေး စတင် လုပ်ဆောင်နေပြီ

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၂ ။        ။ စစ်ကိုင်း၊ ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်အား ရွှေရောင်ဆေးသင်္ကန်းမှ အဖြူရောင်ဆေးသင်္ကန်း ကပ်လှူမှုလုပ်ငန်းများကို ဒီဇင်ဘာ ၁၂ ရက်၊ နံနက်ပိုင်းမှစ၍ လုပ်ငန်းများ စတင်လုပ်ဆောင်ပြီ ဖြစ်သည်။

သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်ကာ သံဃာတော်အရှင်သူမြတ်များက သြဝါဒပေးခြင်း၊ မေတ္တာပို့ခြင်း၊ အန္တရာယ်ကင်း ပရိတ်တရားတော်များရွတ်ဖတ်ခြင်း အခမ်းအနားကို ကောင်းမှုတော်ဘုရားရှိ အောင်မြေဗောဓိ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

သီတဂူဆရာတော်ဘုရားကြီးက ကောင်းမှုတော်စေတီတော်ကို အဖြူရောင်ဆေးသင်္ကန်းကပ်လှူရန်အတွက် အစီခံရင်စာတင်ထားသည့်ကုမ္ပဏီများအနက် အောင်ပြည်တန်ကုမ္ပဏီကို ရွေးချယ်ခဲ့ပြီး လုပ်ငန်းများကို လာမည့် တပေါင်းလပြည့်အမီ အပြီးလုပ်ဆောင်ရန်နှင့် တပေါင်းလပြည့်နေတွင် သံဃာအပါး ၁၀၀၀ နှင့် ဘုရား အနေကဇာတင်သွားပြီး သံဃာအပါး ၁၀၀၀ ကို ဆွမ်းဆန်စိမ်း လောင်းလှူ သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၁၀ ရက်က မိန့်ကြားထားသည်။

အဆိုပါ စာချုပ်ချုပ်ဆိုမှု သြဝါဒခံယူပွဲကို ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းက စစ်ကိုင်းမြို့ ကောင်းမှုတော် စေတီ ဂေါပကရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

အဖြူရောင်ဆေးပြန်လည်ကပ်လှူပူဇော်ရန် အတွက် လက်ရှိ ရွှေဆေးများနှင့် ပတ်တီးများကို ခွာထုတ်ခြင်း၊ ရေဖြင့် သန့်ရှင်းရေး ပြုလုပ်ခြင်း၊ Flexible Protective Coating (Mapelastic) သုတ်လိမ်းခြင်း၊ Elastocolour Paint Plus အား သုတ်လိမ်းခြင်းတို့ ပြုလုပ်သွားရမည်ဖြစ်သည်။

အီတလီနိုင်ငံထုတ်အဆင့်မြင့် အဖြူရောင်ဆေးပစ္စည်းဖိုးအနေဖြင့် ငွေကျပ်သိန်း ၁၁၀၀ ကျော် နှင့် ဆေးသုတ် လုပ်အားခမှာ ကျပ်သိန်း ၁၃၀၀ ကျော် ကုန်ကျမည်ဟု အောင်ပြည်တန်ကုမ္ပဏီမှ ခန့်မှန်းထားပြီး ကုန်ကျငွေကို အလှူရှင်များ လှူဒါန်းငွေနှင့် ဘုရားဘဏ္ဍာတော်များထဲမှ ကျခံသွားမည်ဟု သိရသည်။

လပ်သားအင်အား ၃၀ နှင့် နေ့စဉ် နံနက်ခင်းမှ ည ၁၀ နာရီ လုပ်ဆောင်သွားမည် ဖြစ်ပြီး အဖြူဆေးသင်္ကန်း ကပ်လှူမှုကို ၃ လ နှင့်အပြီး လုပ်ဆောင်ရန် သီတဂူဆရာတော်ကြီးက ညွှန်ကြားထားသည်။

ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ကြီးကို ဒုတိယအင်းဝခေတ် ညောင်ရမ်းမင်းဆက် သီရိသုဓမ္မာရာဇာ မဟာဓိပတိ သာလွန်မင်းတရားကြီးက သက္ကရာဇ် ၉၉၈ခုတွင် စတင်တည်ခဲ့ကာ သက္က္တရာဇ် ၁၀၁၂ ခုနှစ်တွင် ပြီးစီးခဲ့၍ ခေတ်အဆက်ဆက် ထုံးသင်္ကန်းသာ ဆက်ကပ်ခဲ့ရာမှ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလတွင် ရွှေဆေးသင်္ကန်း ပြောင်းလဲကပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly