အကြားဖက် ဆန္ဒပြမှုများကြား ဖွဲ့စည်းပုံ ဥပဒေသစ်ကို နီပေါအတည်ပြု

အကြားဖက် ဆန္ဒပြမှုများကြား ဖွဲ့စည်းပုံ ဥပဒေသစ်ကို နီပေါအတည်ပြု

ခတ်မန်ဒူ၊ စက်တင်ဘာ - ၂၁ ။      ။ စည်းမျဉ်းချက်များနှင့် ပတ်သက်၍ ဆန့်ကျင်မှုများရှိနေသော်လည်း ရှည်လျားသည့် ပြည်တွင်းစစ်နှင့် အကြွင်းမဲ့အာဏာပိုင် စနစ်အုပ်ချုပ်ရေး၏ ဆယ်စုနှစ်များအလွန်တွင် နီပေါနိုင်ငံမှာ စက်တင်ဘာလ ၂၀ ရက်နေ့က ငြိမ်းချမ်းစွာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို တွန်းအားပေးရန် ရည်ရွယ်သည့် ဖွဲ့စည်းပုံ ဥပဒေသစ်ကို အတည်ပြုလိုက်ပြီ ဖြစ်သည်။

အသေအပျောက်များလှသည့် ငလျင်က မတူခြားနားမှုများကို ဘေးချိတ်ကာ အဓိက နိုင်ငံရေးပါတီကြီးများက ဖက်ဒရယ် အဆောက်အအုံသစ် အပေါ်တွင် သဘောတူညီမှု ရသွားပြီးနောက်တွင် အရွေးကောက်ခံ ကိုယ်စားလှယ်များက ပထမဆုံးရေးဆွဲထားသည့် ဖွဲ့စည်းပုံကို စက်တင်ဘာ ၁၆ရက်နေ့က ဥပဒေအဖြစ်သို့ မဲပေးအတည်ပြုခဲ့ကြသည်။

ပါလီမန်အခန်းအနားတစ်ခုတွင် ကာလရှည် ကြန့်ကြာနေခဲ့သည့် ဖွဲ့စည်းပုံဥပဒေကို အတည်ပြုကြောင်း သမ္မတ ရမ် ဘာရန် ယာဒက်က ကြေညာလိုက်ချိန်တွင် ခတ်မန်ဒူမြို့တော်တွင် အောင်ပွဲ အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်ခဲ့ကြသည်။

''ဒီမိုကရေစီအခွင့်အရေး၊ စီးပွားရေးကြွယ်ဝမှုနဲ့ အမျိုးသားစည်းလုံးညီညွတ်မှုအတွက် ပြည်သူတွေရဲ့ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဥပဒေပြုလွှတ်တော်က နီပေါရဲ့ ဖွဲ့စည်းပုံဥပဒေကို ကြေညာ လိုက်တဲ့ ဒီသမိုင်းဝင်အခိုက်အတန့်ကလေးမှာ နိပေါ ညီအစ်ကိုမောင်နှမအားလုံးအတွက် ဂုဏ်ယူပါတယ်''ဟု ယာဒက်က ပြောကြားခဲ့သည်။

''လွန်ခဲ့တဲ့ နှစ်၇၀နီးပါးက စတင်ခဲ့တဲ့ နိပေါပြည်သူတွေရဲ့ ဒီမိုကရေစီတော်လှန်ရေးနဲ့ ရေရှည်ငြိမ်းချမ်းရေးဟာ ဒီကနေ့မှာ တကယ်ဖြစ်လာခဲ့ပါပြီ''ဟုလည်း ယာဒက်က ပြောကြားခဲ့သည်။

ယခုဖွဲ့စည်းပုံဥပဒေအသစ်မှာ သက်ဦးစံပိုင်စနစ်ကို ဖျက်သိမ်းပြီး တန်းတူညီမျှသော လူ့အဖွဲ့အစည်းကို ထူထောင်ရန် ရည်ရွယ်သည့် ဆယ်စုနှစ်တစ်ခုကြာ သူပုန်ထမှုအပြီး ၂၀၀၆ခုနှစ် မော်ဝါဒီသူပုန်များ လက်နက်စွန့်ခဲ့သည့်အချိန်ကတည်းက စတင်ခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နောက်ဆုံးအဆင့်ပင် ဖြစ်သည်။

သို့ရာတွင် ဖွဲ့စည်းပုံအတည်ပြုမှု၏ နောက်ဆက်တွဲအနေဖြင့် ရက်သတ္တပတ်ပေါင်းများစွာ ရဲများနှင့် ဆန့်ကျင်ဆန္ဒပြသူများကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့ပြီး လူ၄၀ကျော် သေဆုံးခဲ့ရာ ကလေးနှစ်ယောက်နှင့် ရဲအရာရှိတစ်ယောက်လည်း ပါဝင်ခဲ့သည်။

ကမ္ဘာ့သက်တမ်းအနုဆုံး သမ္မတနိုင်ငံကို ဖက်ဒရယ်ပြည်နယ် ၇ခုအဖြစ် ခွဲခြမ်းမည့် အစီအစဉ်များကို ဆန့်ကျင်ဆန္ဒပြနေကြရာ တောင်ပိုင်း ပါဆာခရိုင်တွင် ညမထွက်ရ ကာဖျူးအမိန့်ကို ဖီဆန်နေသည့် လူအုပ်အား ရဲက သေနတ်ဖြင့် ပစ်ခတ်ရာမှ ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့ရသည်။

ဗဟိုအစိုးရ၏ အာဏာကို ခွဲဖြာစီးဆင်းသွားစေမည့် ဖက်ဒရယ်အဆောက်အအုံသစ် ထူထောင်ရေး လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံမှုများ ရှိနေသော်လည်း သတ်မှတ်အံ့ဆဲဆဲ နယ်နိမိတ်စည်းများက သမိုင်းတစ်လျှောက် အလေးမထားခဲ့သည့် လူနည်းစုအုပ်စုငယ်များအတွက် ပါလီမန်တွင် ကိုယ်စားပြုသူမရှိဘဲဖြစ်စေမည်ဟု ဝေဖန်သူများက ထောက်ပြကြသည်။

ထိုလူနည်းစုများထဲတွင် အိန္ဒိယနှင့် နယ်စပ်တစ်လျှောက်ရှိ နိပေါတောင်ပိုင်း လွင်ပြင်များတွင် နေထိုင်ကြသည့် မဒါဆီနှင့် သာရူလူမျိုးစုများ ပါဝင်နေသည်။ အိမ်နီးချင်းအိန္ဒိယမှာ အကြမ်းဖက်မှုများကို စိုးရိမ်နေသောကြောင့် နီပေါနှင့် နယ်စပ်တစ်လျှောက်ကို ရက်သတ္တပတ်ပေါင်းများစွာ ပိတ်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required