မြန်မာ သတင်း ထောက်များအတွက် ကျည်ကာအကျႌ အခမဲ့ဖြန့်ပေးမည်

မြန်မာ သတင်း ထောက်များအတွက် ကျည်ကာအကျႌ အခမဲ့ဖြန့်ပေးမည်
ထိုင်းနိုင်ငံမှ သတင်းသမားများကို ကျည်ကာ အကျႌဖြင့် တွေ့ရစဉ်

ရန်ကုန်၊ စက်တင်ဘာ ၁၄။ ။ မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခ ဖြစ်ပွားရာ ဒေသများတွင် သတင်းယူကြမည့် သတင်းထောက်များ ဝတ်ဆင်ရန် ကျည်ကာ အင်္ကျီများကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က ရွေးကောက်ပွဲအမီ အခမဲ့ ဖြန့်ဝေပေးသွားမည်ဟု ကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော်က မဇ္ဈိမသို့ပြောသည်။

နိုင်ငံတကာ သတင်းထောက်များ ဝတ်ဆင်သည့် ဒီဇိုင်းပုံစံအတိုင်း တစ်ထည်လျှင် အမေရိကန်ဒေါ်လာ ၈၀ တန် ရိုးရိုးကျည်ကာအင်္ကျီ အထည် ၁၅၀ ကို စက်ရုံသို့ အပ်ထားပြီး ဖြစ်သည်ဟု သိရသည်။

''ပဋိပက္ခအတွင်း သတင်းသမား တစ်ဦးဦးက အများနဲ့ရောပြီး ရန်ပြုခံရတဲ့အခါ ဥပမာ တုတ်၊ ဓါး လက်နက်နဲ့ တိုက်ခိုက်တာ။ လက်ကိုထိမှန်လို့ လက်ကျိုးသွားရင် ဆေးကုသလို့ ရတယ်။ သေစေနိုင်တဲ့ ရင်ဘတ်ကို တိုက်ခိုက်ရင် အမာခံ ကာကွယ်ထားတဲ့အတွက် အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူး'' ဟု ဦးမြင့်ကျော်က ပြောသည်။

စက်တင်ဘာ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ကျင်းပသော ရွေးကောက်ပွဲကာလ စာနယ်ဇင်းသမားများ ဘေးကင်း လုံခြုံမှုဆိုင်ရာ ဆွေးနွေးပွဲအပြီး ပြောကြားခြင်းဖြစ်သည်။

သတင်းထောက်များ ကျည်ကာ အင်္ကျီဝတ်ဆင်ခြင်းအား ဖမ်းဆီးအရေးယူခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် တစ်စုံတရာ ဆုံးဖြတ်ထားခြင်း မရှိသေးကြောင်း ယင်းပွဲသို့ တက်ရောက်လာသူ ရဲမှူးကြီး မောင်စိုးက မဇ္ဈိမသို့ ဖြေကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က အခမဲ့ ဖြန့်ဝေမည်ဆိုသည့် ကျည်ကာ အင်္ကျီများ၏ ကုန်ကျစရိတ်ကို နိုင်ငံတကာ မီဒီယာ ထောက်ပံ့ရေးအဖွဲ့ IMS က ကူညီပေးခြင်းဖြစ်ပြီး ဦးထုပ်မာ (Halmet) များကိုလည်း မကြာမီဖြန့်ဝေမည်ဟု IMS မှ ဦးရဲဝင့်လှိုင်က ပြောသည်။ ယင်းပွဲသို့ တက်ရောက်လာသူ ထိုင်းနိုင်ငံမှ သတင်းစာဆရာ Mr. Kavi Chongkittavorn ကလည်း သတင်းထောက်များအနေဖြင့် ပဋိပက္ခ ဖြစ်ပွားရာ နေရာများသို့သွားလျှင် အသက်အာမခံ ထားသင့်ပြီး ဆေးဝါးပစ္စည်းများ ယူဆောင်သွားသင့်သည်ဟု အကြံပြုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required