ဘန်ကောက်ဗုံးခွဲမှုနှင့် ဆက်နွယ်သည့် သံသယရှိသူသုံးဦးကို မလေးရှား ဖမ်းဆီးထား

ဘန်ကောက်ဗုံးခွဲမှုနှင့် ဆက်နွယ်သည့် သံသယရှိသူသုံးဦးကို မလေးရှား ဖမ်းဆီးထား

ကွာလာလမ်ပူ၊ စက်တင်ဘာ-၁၄ ။      ။ ပြီးခဲ့သည့်လက လူ ၂၀ဦးသေဆုံးခဲ့ရသည့် ဘန်ကောက်မြို့လယ် ဗုံးပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးမှုနှင့် ဆက်နွယ်နေသည့် သံသယရှိသူ၃ဦးကို မလေးရှားက ဖမ်းဆီးခဲ့သည်ဟု မလေးရှားရဲချုပ် ခါလစ် အဘူ ဘာကာက စက်တင်ဘာလ ၁၄ရက်နေ့တွင် ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံသား ၂ယောက်နှင့် ပါကစ္စတန်နိုင်ငံသားတစ်ယောက်တို့ကို ဖမ်းဆီးခဲ့ရာ စုံစမ်းစစ်ဆေးမှုကို အထောက်အကူပြုသည်ဟု ခါလစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ထိုင်းအာဏာပိုင်များက သတင်းပေးလာသည့်အတွက် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

သြဂုတ်လ ၁၇ရက်နေ့က ထိုင်းမြို့တော်ရှိ ဟိန္ဒူဘုရားကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ၂၀ဦးသေဆုံးပြီး ၁၀၀ကျော် ဒဏ်ရာရရှိသွားသည့်အထဲတွင် နိုင်ငံခြားသား ၁၄ယောက် ပါဝင်ခဲ့သည်ဟု ဆိုသည်။

ဗုံးခွဲမှုနောက်ကွယ်မှ အဓိကတရားခံ မည်သည့်နေရာတွင်ရှိသည်ကို ကြိုးစားစုံစမ်းဆဲဖြစ်ကြောင်းနှင့် ထိုသူမှာ မလေးရှားနိုင်ငံထဲတွင်ရှိနေသည်ဟူသည့် သက်သေအထောက်အထားမရှိကြောင်း ရဲချုပ်က ပြောကြားခဲ့သည်။

''အဓိကတရားခံဟာ ဒီနိုင်ငံထဲမှာ ရှိနေတယ်ဆိုတာ မသေချာပါဘူး။ မှန်ကန်တဲ့ သက်သေအထောက်အထားမရှိတာကြောင့် စုံစမ်းစစ်ဆေးဆဲပါ''ဟု ၎င်းက ပြောကြားခဲ့သည်။ ဖမ်းဆီးထားသည့် သံသယရှိသူသုံးဦးကို ယခုအချိန်တွင် ထိုင်းအာဏာပိုင်များထံသို့ လွှဲပြောင်းပေးရန် မလိုအပ်ဟု ယူဆသောကြောင့် မလေးရှားကသာ ဆက်လက်ထိန်းသိမ်းထားမည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly