ဘန်ကောက်ပစ်ခတ်သူက ‘ဗလာကျည် သေနတ်’ ကို အွန်လိုင်းမှ ဝယ်ယူခဲ့ခြင်း ဖြစ် 

06 October 2023
ဘန်ကောက်ပစ်ခတ်သူက ‘ဗလာကျည် သေနတ်’ ကို အွန်လိုင်းမှ ဝယ်ယူခဲ့ခြင်း ဖြစ် 
Photo: Bangkok Post 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က စီအမ်းပရာဂွန် ဈေးဝယ်စင်တာတွင် သေနတ်ပစ်ခတ်သည့် အသက် ၁၄ နှစ်အရွယ် ပစ်ခတ်သူသည် ၎င်း၏ မွမ်းမံပြင်ဆင်ထားသော ဗလာကျည် သေနတ်ကို အွန်လိုင်းမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ရဲက ပြောသည်။ ၎င်းထံ လက်နက်နှင့် ကျည်ဆံများ ရောင်းချမှုအတွက် အမျိုးသား သုံးဦးကို မနေ့က ဖမ်းဆီးထားသည်။ 

အဆိုပါ ဆယ်ကျော်သက်တွင် ဗလာကျည် ထည့်ပစ်ရသော သေနတ်ကို ကျည်အစစ် ထည့်ပစ်၍ရအောင် မွမ်းမံပြင်ဆင်ထားသည့် သေနတ် ရှိခဲ့ခြင်းဖြစ်သည်ဟု ရဲမှူးချုပ် ဆမ်ရန် မုအန်မာက ဆိုသည်။ 

ဖေ့ဘုတ်ပေ့ချ်တခုမှ အွန်လိုင်းလက်နက်ရောင်းချသူတဦးနှင့် ၎င်းက ဆက်သွယ်မိပြီး လက်နက်များကို စိတ်ဝင်စားမှုကို ဖော်ပြခဲ့ကာ အွန်လိုင်းမှ ပြောဆိုဆွေးနွေးကြသည်ကို စုံစမ်းစစ်ဆေးမှုအတွင်း ရဲက သိရှိရသည်။ သို့ရာတွင် သေနတ်အစစ် ဝယ်ရန် ဈေးကြီးသဖြင့် မတတ်နိုင်ဖြစ်ခဲ့သည်ဟု ရဲသတင်းရင်းမြစ်က ပြောသည်။ 

ယင်းနောက် ၉မမ ကျည်ဆန်များကို ဘတ် ၁,၀၀၀ ဖြင့် ၎င်းက ဝယ်ယူပြီး ငွေလွှဲပို့ခဲ့သည်။ ရက်အနည်းငယ် ကြာမြင့်သည့်နောက် ဆတ်သွန်ခရိုင်ရှိ ၎င်း၏ ကွန်ဒိုတိုက်ခန်းဆီ ကျည်ဆံများ ပါသော ပါဆယ်ထုပ် ရောက်ရှိလာ၍ လက်ခံခဲ့သည်။ 

၎င်း ဆယ်ကျော်သက်သည် နောက်ပိုင်း၌ ပြုပြင်ထားသော ဗလာကျည် သေနတ်ကို မှာယူပြီးနောက် ဘန်ကောက်ရှိ စီအမ်းပရာဂွန် ရှော့ပင်းမောလ်အတွင်း အင်္ဂါနေ့ နေ့လယ်ပိုင်းတွင် စိတ်ထင်ရာ ပစ်ခတ်ခြင်း ဖြစ်သည်။ ထို ပစ်ခတ်မှု၌ နိုင်ငံခြားသား နှစ်ဦး သေဆုံးပြီး အခြား ငါးဦး ထိခိုက်ဒဏ်ရာ ရသည်။ 

ပစ်ခတ်သူ ဆယ်ကျော်သက်သည် ဗလာကျည် သေနတ် ဝယ်ရန်ပင် ပိုက်ဆံ မတတ်နိုင် ဖြစ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှု၌ သိရှိရသည်။ ထိုကြောင့် ၎င်းသည် အွန်လိုင်း ငွေချေးငှားမှု အက်ပလီကေးရှင်းမှ ပိုက်ဆံချေးယူပြီး ရောင်းချသူထံသို့ ဘတ် ၁၆,၀၀၀ ပေးပို့ခဲ့ရာမှ ၎င်း၏ ကွန်ဒိုတိုက်ခန်းဆီ ရောင်းချသူက သေနတ်ကို ပေးပို့ခြင်း ဖြစ်သည်။ 

သေနတ်အရောင်းအဝယ် ပြုလုပ်ရာ ဖေ့ဘုတ်ပေ့ချ်မှာ အသက် ၂၂ နှစ်အရွယ် အက်ခါရာဝတ်ဆိုသူ ကိုင်သည့် ပေ့ချ်ဖြစ်ကြောင်း ရဲသတင်းရင်းမြစ်က ဆိုသည်။ ပေ့ချ်မှာ ဖွင့်ထားသည်က ငါးလခန့်သာ ရှိသေးပြီး ပစ်ခတ်မှုဖြစ်သည့်နေ့ ည ၁၀ နာရီ ၂၀ ဝန်းကျင်တွင် ပေ့ချ်ကို ပိတ်ချလိုက်သည်။ 

ရဲက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ရာ အက်ခါရာဝတ်နှင့် ၎င်း၏ ဖခင်ဖြစ်သူတို့အပြင် ဘန်ကောက်က နောက်ထပ် သံသယရှိသူတဦးကိုပါ ဖမ်းဆီးရမိခြင်း ဖြစ်သည်။ 

အက်ခါရာဝတ်၏ ဖခင်ဖြစ်သူ ပိုင်ဆိုင်သော ဘဏ်အကောင့်မှာ ပစ်ခတ်မှု ကျူးလွန်သည့် ဆယ်ကျော်သက်က ငွေလွှဲသော ဘဏ်အကောင့် ဖြစ်သည်။ ဘန်ကောက်က ဖမ်းမိသည့် သံသယရှိသူသည် အက်ခါရာဝတ်ထံ ၉ မမ ကျည်များ ရောင်းချခဲ့သူ ဖြစ်သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required