တောင်ပြိုကမ်းပြို အနိုင်မျိုး မဟုတ်သည့်တိုင် အစိုးရဖွဲ့နိုင်မည်ဟု NLD ဦးဝင်းထိန်ပြော

တောင်ပြိုကမ်းပြို အနိုင်မျိုး မဟုတ်သည့်တိုင် အစိုးရဖွဲ့နိုင်မည်ဟု NLD ဦးဝင်းထိန်ပြော

စက်တင်ဘာ ၉ ။       ။ လာမည့်ရွေးကောက်ပွဲတွင် NLD ပါတီက ယခင်ရွေးကောက်ပွဲများ ကဲ့သို့ တောင်ပြိုကမ်းပြိုအနိုင် မဟုတ်သည့်တိုင် အစိုးရဖွဲ့နိုင်မည်ဟု ယုံကြည်ကြောင်း ပါတီဗဟိုအလုပ် အမှုဆောင် ဦးဝင်းထိန်က မဇ္ဈိမသို့ပြောသည်။

''ဒီရွေးကောက်ပွဲမှာတော့ ကျွန်တော်တို့ တောင်ပြိုကမ်းပြို နိုင်ချင်မှ နိုင်မယ်၊ ရချင်မှရမယ် သို့သော် အစိုးရဖွဲ့နိုင်တဲ့အထိရမယ်လို့ ယုံကြည်တယ်။ အစိုးရဖွဲ့နိုင်မှ အပြောင်းအလဲ ထိထိမိမိလုပ်နိုင်မှာ။'' ဟု ဦးဝင်းထိန်က ပြောသည်။

၁၉၉၀ ခုနှစ်က ၈၂ ရာခိုင်နှုန်း၊ ၂၀၁၂ ခုနှစ်က ၉၂ ရာခိုင်နှုန်း အနိုင်ရခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ထိုသို့ အနိုင်ရရန် မသေချာသော်လည်း အစိုးရတစ်ရပ်ဖွဲ့နိုင်ရန်မူ ယုံကြည်ခြင်းဖြစ်သည်။

ဦးဝင်းထိန်က ''ကျွန်တော်ဒီစကားကို ရမ်းပြောတာ မဟုတ်ဘူး။ နိုင်ငံတကာပညာရှင်တွေ၊ NLD ပါတီ မဟုတ်တဲ့ လူတွေရဲ့ လေ့လာချက်အရ ပြည်သူတွေက NLD ကို မဲပေးဖို့ အလားအလာ အများဆုံး လို့ပြောထားတယ်။'' ဟု ပြောသည်။

၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အထူးအရေးကြီးပြီး အပြောင်းအလဲ ထိထိမိမိ လုပ်နိုင်ရန် အစိုးရဖွဲ့လိုခြင်းဖြစ်သည်ဟုဆိုသည်။

NLD က စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမားအရေး၊ လယ်သမားအရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေး စသည့် ကဏ္ဍစုံအတွက် မူဝါဒရေးဆွဲပြီးဖြစ်ကာ မကြာမှီထွက်တော့မည်ဖြစ်သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် NLD က အမတ်လောင်း ၃၈၀ကျော် အနိုင်ရသော်လည်း ငွေစရင်းကိစ္စဖြင့် ၈၀ ကျော်အား ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သည့် နမူနာရှိသဖြင့် ထိုသို့မဖြစ်စေရန် စက်တင်ဘာလဆန်းမှစ၍ အမတ်လောင်း တစ်ထောင်ကျော်အား ရွေးကောက်ပွဲ ဥပဒေ၊ မဲရုံဥပဒေ၊ ကုန်ကျစရိတ်များနှင့် ဆက်စပ်သင်တန်းပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required