"အပြောင်းအလဲလိုပြီ"လို့ မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ်ဆို

"အပြောင်းအလဲလိုပြီ"လို့ မန္တလေး ဆေးတက္ကသိုလ် ပါမောက္ခချုပ်ဆို

ရန်ကုန်၊ စက်တင်ဘာ ၈ ။         ။ မန္တလေး ဆေးတက္ကသိုလ် အငြိမ်းစား ပါမေက္ခချုပ် ဒေါက်တာ သန်းဝင်းက အပြောင်းအလဲ လုပ်ဖို့လိုပြီဟု ပြောဆိုလိုက်သည်။ သူသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြုကာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)၊  (ချမ်းအေးသာဇံ၊ အောင်မြေသာစံ ၊ပုသိမ်ကြီး)တို့မှ အမျိုးသားလွှတ်တော်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်သည်။

"ပြည်သူပြည်သား အများအတွက် လိုအပ်နေသော အပြောင်းအလဲ ကို ပြည်သူတို့အတွက် အစဉ်ရပ်တည်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်မှု ကိုခံယူကာ မိမိ၏ စေတနာ၊ အတွေ့အကြုံ၊ စွမ်းဆောင်ရည် တို့ဖြင့် ကျိုးပမ်းဆောင်ရွက်သွားပါမည်။" ဟု သူ၏ မဲဆွယ်စည်းရုံးမှု လက်ကမ်းစာစောင်တွင် ဖေါ်ပြထားသည်။

ပါမောက္ခချုပ် ဒေါက်တာသန်းဝင်း၏ ကိုယ်ရေး အကျဉ်း

MBBS MMedSc(OG) MRCOG DrMedSc(OG) DipMedEd FRCOG

ပါမောက္ခ ဒေါက်တာသန်းဝင်းကို ဖခင် ပါမောက္ခဦးသန်းထွန်း (ပါမောက္ခချုပ်-ငြိမ်း၊ စိုက်ပျိုးရေးတက္ကသိုလ်) မိခင် ဒေါ်မြစိန် တို့က ၁၉၅၃ ခုနှစ်တွင် မန္တလေး၌ မွေးဖွားသည်။ မန္တလေးမြို့ စိန့်ပီတာ/ အမှတ်(၉) အထက တွင် ပညာသင်ကြားခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် (၁၀)တန်းကို (၅)ဘာသာ ဂုဏ်ထူး၊ တနိုင်ငံလုံး အဆင့်(၇)ဖြင့် အောင်မြင်ကာ တက္ကသိုလ်ပညာသင်ဆု ရရှိခဲ့သည်။

 ဆေးတက္ကသိုလ်-မန္တလေးတွင် ခန္ဓာဗေဒ၊ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ၊ ခွဲစိတ်ပညာနှင့် သားဖွားမီးယပ်ပညာ ဂုဏ်ထူးများ ရရှိပြီး ၁၉၇၆ ခုနှစ် တွင် MBBS ဆေးပညာဘွဲ့ကို ရရှိခဲ့သည်။ အထက်တန်းကျောင်းနှင့် ဆေးတက္ကသိုလ်တို့တွင် လူရည်ချွန်ဆု (၅)ကြိမ် ရရှိခဲ့သည်။

၁၉၇၇ ခုနှစ်တွင် အတန်းဖော် ဒေါက်တာနီနီတင် နှင့် လက်ထပ်သည်။ (သမီး ၄ ဦး ထွန်းကားခဲ့ကာ ဇနီး သည် ဆေးတက္ကသိုလ်- မန္တလေး ဇီဝကမ္မဗေဒ ဘွဲ့လွန်ကထိက တာဝန်မှ အငြိမ်းစားယူပြီး ၂၀၁၅ ခုနှစ် ဇွန်လတွင် ကွယ်လွန်သည်)။

၁၉၈၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဆေးတက္ကသိုလ်-မန္တလေး ခန္ဓာဗေဒ ဌာန၌ သရုပ်ပြဆရာဝန် တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။ ၁၉၈၆ တွင် MMedSc(OG) ဆေးပညာမဟာသိပ္ပံ (သားဖွားမီးယပ်) ဘွဲ့၊ ၁၉၉၃ ခုနှစ်တွင် MRCOG အင်္ဂလန်နိုင်ငံ တော်ဝင် သားဖွားမီးယပ်ဆရာဝန်အဖွဲ့ဝင်ဘွဲ့၊ ၂၀၀၃ ခုနှစ်တွင် DrMedSc(OG) ဆေးလက်တွေ့ပါရဂူဘွဲ့၊ ၂၀၀၄ ခုနှစ်တွင် DipMedEd ဆေးပညာသင် ကြားရေး ဒီပလိုမာဘွဲ့၊ ၂၀၀၆ ခုနှစ်တွင် FRCOG အကြီးတန်း တော်ဝင်သားဖွားမီးယပ်ဆရာဝန်အဖွဲ့ဝင်ဘွဲ့ များကို အောင်မြင်ရရှိခဲ့သည်။

သားဖွားမီးယပ် အထူးကုဆရာဝန် အဖြစ် မုံရွာဆေးရုံကြီး နှင့် သင်ကြားရေးဆေးရုံ- မန္တလေး တို့တွင်၎င်းင်းင်း၊ သရုပ်ပြ မှ အဆင့်ဆင့် ပါမောက္ခ အထိ ဆေးတက္ကသိုလ်-မန္တလေး တွင်၎င်းင်း တာဝန်ထမ်းရွက်ပြီး  ၂၀၀၈ ဇန်နဝါရီ မှစ၍ ပါမောက္ခချုပ် တာဝန်ပေးခံရသည်။

တက္ကသိုလ်၏ အသွင်အပြင်ကို သာမက ကျောင်းသား/သူများ ဆရာ/မများ ဝန်ထမ်းများ ၏ ခံယူချက် အသိစိတ်ဓာတ် စည်းကမ်းလိုက်နာမှု ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကို  သိသာထင်ရှားစွာ တိုးတက်ပြောင်းလဲအောင် စွမ်းဆောင်ခဲ့သည်။  ဝန်ထမ်းသက် (၃၂)နှစ်ကျော် ၂၀၁၃ ဧပြီလတွင် သက်ပြည့်အငြိမ်းစား ယူသည်။ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ကို ၁၉၉၇ ခုနှစ်တွင်ရရှိပြီး ၂၀၁၄ တွင် ဆေးတက္ကသိုလ်-မန္တလေး Emeritus Professor အဖြစ် ဂုဏ်ပြုချီးမြှင့် ခံရသည်။

ယခု သားဖွားမီးယပ်ဆရာဝန်ကြီး အဖြစ် ကုသရေးလုပ်ငန်းများ နှင့် နန်းတော်ဆေးရုံ ဆေးရုံအုပ်ကြီး အဖြစ်  ဆောင်ရွက်နေပြီး သားဖွားမီးယပ် ဘွဲ့လွန်သင်တန်းသားများကို စေတနာဖြင့် သင်ပေးလျက်ရှိသည်။

ဆရာဝန်အသင်း- မန္တလေး၊ လူရည်ချွန်အဖွဲ့- အထက်မြန်မာပြည်၊ စိန့်ပီတာ/အထက(၉) ကျောင်းသားဟောင်းများ အာစရိယပူဇော်ပွဲအဖွဲ့ တို့တွင် ဥက္ကဌ၊ ထားဝယ်လူမှုရေးအသင်း- မန္တလေးတွင် နာယက နှင့် မြန်မာနိုင်ငံဆရာဝန်အသင်း ဗဟိုဦးစီးအဖွဲ့ဝင် အဖြစ် ပရဟိတ တာဝန်များ ထမ်းဆောင်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required