မြန်မာနိုင်ငံတွင် စွန့်ပစ်အမှိုက်မှ စွမ်းအင်ထုတ်သည့် ပထမဆုံးစက်ရုံ ဂျပန်ကုမ္ပဏီ တည်ဆောက်မည်

မြန်မာနိုင်ငံတွင် စွန့်ပစ်အမှိုက်မှ စွမ်းအင်ထုတ်သည့် ပထမဆုံးစက်ရုံ ဂျပန်ကုမ္ပဏီ တည်ဆောက်မည်
photo - Nikkei

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် ။ ။ စွန့်ပစ်အမှိုက်မှ စွမ်းအင်ထုတ်လုပ်သည့် ပထမဆုံး စက်ရုံကို ရန်ကုန်မြို့၌ တည်ဆောက်ရန် ဂျပန် JFE Engineering ကော်ပိုရေးရှင်းနှင့်အတူ ဆောင်ရွက်လျက်ရှိသည်။

JFE ကုမ္ပဏီက စက်ရုံဒီဇိုင်းမှသည် စက်ရုံတည်ဆောက်ရေးအလုံးစုံကို တာဝန်ယူတည်ဆောက်ရမည်ဖြစ်ပြီး အကြမ်းအားဖြင့် ယန်း ၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၅ သန်း) သဘောတူစာချုပ်ထားပြီးဖြစ်သည်။

ယင်းစွန့်ပစ်အမှိုက်မှ စွမ်းအင်ထုတ်လုပ်သည့် ရန်ကုန်စက်ရုံကို ၂၀၁၇ ခုနှစ် နွေဦးတွင် အပြီးသတ် တည်ဆောက်မည်ဟု လျာထားသည်။ JFE ကုမ္ပဏီသည် မြန်မာနိုင်ငံက ယခုစက်ရုံစီမံကိန်းခြေလှမ်းကို အားယူကာ အရှေ့တောင်အာရှဒေသ တွင်း ၂၀၁၇ ဘဏ္ဍာနှစ်တွင် ယန်း ဘီလီယံ ၃၀ ရရှိရန် ရည်မှန်းချက်ထားသည်။

စက်ရုံသည် အမှိုက်များကို လောင်ကျွမ်းစေပြီး ရေနွေးငွေ့အားကို ထုတ်ယူကာ တာဘိုင်များကို လည်ပတ်၍ စွမ်းအင်ထုတ်လုပ်သည့် စက်ရုံဖြစ်သည်။ လူပေါင်း နှစ်သိန်းနီးပါး စွန့်ပစ်ရာမှ ထွက်ရှိသည့် အမှိုက်ပမာဏဖြစ်သည့် စွန့်ပစ်အမှိုက် တန်ချိန် ၆၀ နီးပါးကို စက်ရုံက တစ်နေ့တွင်း လောင်ကျွမ်းစေနိုင်ကာ လျှပ်စစ်ဓာတ်အား ၇၀၀ ကီလိုဝပ် ထုတ်လုပ်နိုင်မည် မျှော်မှန်းထားသည်။

ရန်ကုန်မြို့တွင် လူဦးရေ ၅ ဒသမ ၂ သန်းရှိပြီး အလွန်များပြားသည့် စွန့်ပစ်အမှိုက်များကို မီးရှို့လောင်ကျွမ်းစေကာ စွမ်းအင်ထုတ်လုပ်နိုင်မည့်စက်ရုံသည် အရေးကြီးသည့် လိုအပ်ချက်ပင်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ယခုစွန့်ပစ်အမှိုက်သုံး စွမ်းအင်ထုတ်လုပ်ရေးစက်ရုံသည် ဂျပန်အစိုးရ ပန်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ခွင့်ပြုချက်ရ JFE Engineering Corporation ၏ အရှေ့တောင်အာရှတွင် တည်ဆောက်သော ပထမဆုံး စက်ရုံဖြစ်သည်။

JFE Engineering Corporation သည် မြန်မာဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် အကျိုးတူအဖြစ် J&M Steel Solutions Company Limited ကို ထူထောင်ကာ သာကေတမြို့နယ်အတွင်း၌ ၂၀၁၄ ခုမှစ၍ စတီးစက်ရုံတစ်ရုံလည်း တည်ဆောက် လည်ပတ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required