ဂျာမနီနိုင်ငံမှာ ခရီးသည်ဘတ်စ်ကားတစ်စီးပေါ် ဓားကိုင်တိုက်ခိုက်မှု ဖြစ်ပွား

ဂျာမနီနိုင်ငံမှာ ခရီးသည်ဘတ်စ်ကားတစ်စီးပေါ် ဓားကိုင်တိုက်ခိုက်မှု ဖြစ်ပွား

 

ဘာလင်၊ ဇူလိုင် ၂၁ ။            ။ ဂျာမနီနိုင်ငံ မြောက်ပိုင်းမှာ ခရီးသည်တင်ဘတ်စ်ကားတစ်စီးပေါ် အမျိုးသားတစ်ဦး ဓားကိုင်ဝှေ့ယမ်းတိုက်ခိုက်မှု ဖြစ်ပွားတာကြောင့် လူအချို့ ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက ဇူလိုင် ၂၀ ရက်မှာ ပြောပါတယ်။

လူးဘတ်မြို့အနီးက နာမည်ကျော် ကမ်းခြေဖြစ်တဲ့ ထရာဗမ်မန်းဒီကို ထွက်ခွာဦးတည်တဲ့ ကားပေါ် ဒီအမျိုးသားဟာ ဓားထုတ်ပြီး ခရီးသည်တွေကို တိုက်ခိုက်တာဖြစ်ပေမယ့် သူ့ရဲ့ ရည်ရွယ်စေ့ဆော်ချက်ကို မသိရသေးပါဘူး။

“ဒဏ်ရာရသူ စာရင်း အတိအကျတော့ သေချာမသိသေးဘူး။ တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရတယ်။ ဒါပေမယ့် ကံကောင်းတာက ဘယ်သူမှ  အသက် သေဆုံးမှု မရှိခဲ့တာပါပဲ။”လို့ လူးဘတ်အမျိုးသမီး ရှေ့နေချုပ် အလာဟန့်စ်က ပြောပါတယ်။

တိုက်ခိုက်မှု ဖြစ်တာနဲ့ ခရီးသည်တွေ အလွတ်ပြေးနိုင်အောင် ကားဒရိုင်ဘာက ချက်ချင်း ကားကို ရပ်လိုက်တာဖြစ်ကြောင်း သိရပါတယ်။

“ခရီးသည်တွေက ကားပေါ်က ခုန်ချပြီး အော်ဟစ်ထွက်ပြေးကြတယ်။ တကယ့် ဆိုးဆိုးဝါးဝါးပါပဲ။”လို့ ဖြစ်ပွားရာ အနီးမှာ နေထိုင်တဲ့ မျက်မြင်တတစ်ဦးက ပြောပါတယ်။

ဒဏ်ရာရသူတွေမှာ တစ်ဦးက အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကို ထိုင်ခုံနေရာ ဖယ်ပေးတဲ့ အမျိုးသားတစ်ဦးဖြစ်ပြီး သူ့ကို ဓားကိုင်သူက ရင်ဘတ်ကို လှမ်းထိုးခဲ့တာဖြစ်ကြောင်း ဘတ်စ်ကားပေါ် ပါခဲ့တဲ့ အမျိုးသမီးတစ်ဦးကလည်း ဆိုပါတယ်။

ဖမ်းဆီးမိထားပြီဖြစ်တဲ့ ဓားကိုင်တိုက်ခိုက်သူဟာ အသက် ၃၄ နှစ်ရှိ ဂျာမနီနိုင်ငံသားပေမယ့် ဘယ်နိုင်ငံ၊ ဘယ်ဇာတိဖွားဆိုတာ မသိရသေးပါဘူး။

ခုလို ကျုးလွန်ရတဲ့ အကြောင်းရင်းကို မထုတ်ပြန်သေးပေမယ့် ဂျာမနီနိုင်ငံမှာ အစ္စလာမ်အစွန်းရောက် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်လှန့်ထားရတာလည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required