ဂျကာတာ၊ ဇူလိုင် ၁၃ ။ ။ အင်ဒိုနီးရှားနိုင်ငံ အနောက်မြောက်ပိုင်း အာချေးပြည်နယ်က အာဏာပိုင်များက အမျိုးမျိုးသော ရာဇဝတ်မှုများဖြင့် လူ ဒါဇင်ကျော်ကို အများမြင်ကွင်းရှေ့ ကြိမ်ဒဏ် အပြစ်စီရင်ခဲ့သည်။
ပြည်နယ်၏ မြို့တော် ဘန်ဒါအာချေးရှိ ဗလီတွင် အမျိုးသမီး ခြောက်ဦး အပါအဝင် လူ ၁၅ ဦးအား အရေအတွက် မတူသော ကြိမ်ဒဏ်များ အသီးသီး အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။
တစ်ဦးသော အမျိုးသမီးမှာ အာချေးပြည်နယ်အတွင်း အရက်သေစာ ရောင်းချမှုကြောင့် ဖြစ်ပြီး အမျိုးသားနှစ်ဦးမှာ လိင်တူဆက်ဆံမှုကြောင့် ကြိမ်ဒဏ် ၈၇ ချက် အပြစ်ပေးခြင်း ဖြစ်သည်။
အင်ဒိုနီးရှားတွင် algojo ဟု ခေါ်သော ကြိမ်ရိုက်ကြသူများက အဆိုပါ အမျိုးသားနှစ်ဦးအား ကြိမ်ဒဏ်ရိုက်နှက်နေစဉ် နားချိန်ပေးကာ ရေတစ်ငုံစီ သောက်စေသည်။
အပြစ်ပေးပြီးသောအခါ တစ်ဦးမှာ လဲပြိုကျသွား၍ အနီးက အရေးပေါ် ကားအတွင်း အလျင်အမြန်ပို့ဆောင်လိုက်ရသည်။
ကမ္ဘာလှည့်ခရီးသွားများအပါအဝင် လူပေါင်း ၉၀၀ နီးပါးက ယင်းကြိမ်ဒဏ်အပြစ်ပေးမှုကို ကြည့်ရှုခဲ့ကြသည်။
အာချေးပြည်နယ်သည် ရှာရီယာလောအရ ကြိမ်ဒဏ်အပြစ်ပေးခြင်းကို ကျင့်သုံးနေကာ ယင်းက ပြည်သူ့တို့၏ အမြင်များကို ကွဲပြားမှုများ ဖြစ်စေကာ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မည်ကိုလည်း စိုးရိမ်မှုများ ရှိနေသည်။