ကိတ်တောင်း ရေပြတ်လပ်မှု ဖြေရှင်းဖို့ အန္တာတိက ရေခဲတောင်ကို ဆွဲယူအသုံးချရန် စီစဉ်

ကိတ်တောင်း ရေပြတ်လပ်မှု ဖြေရှင်းဖို့ အန္တာတိက ရေခဲတောင်ကို ဆွဲယူအသုံးချရန် စီစဉ်

ဇူလိုင် ၈ ။             ။ အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုနဲ့ ကြံုတွေ့နေခဲ့ရတဲ့ တောင်အာဖရိက ကိတ်တောင်းမြို့ကို လာမယ့်နှစ်တွေမှာ ရေချိုအလုံအလောက် ပေးဝေထောက်ပံ့နိုင်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတစ်ချို့က အနည်းငယ် ကြောင်တောင်တောင်နိုင်တဲ့ စိတ်ကူးအစီအစဉ်တစ်ခုကို ဖော်ဆောင်ဖို့ ပြင်ဆင်နေလျက်ရှိပါတယ်။ ဒါကတော့ အန္တာတိကဒေသကနေ ရေခဲတောင် (ရေခဲစိုင်) ကြီးတစ်ခုကို မြို့ဆီ ဆွဲငင်ယူလာဖို့ ဖြစ်ပါတယ်။

ယခုနှစ်စပိုင်းတုန်းကဆိုရင် ကိတ်တောင်းမြို့မှာ ရေပြတ်လပ်မှု ပြဿနာနဲ့ အကြီးအကျယ် ရင်ဆိုင်ခဲ့ရလို့ မြို့တွင်းက ဘုံဘိုင်အားလုံးကို သီတင်းပတ်တွေများစွာကြာ ပိတ်ခဲ့ရတဲ့အပြင် မြို့နေပြည်သူတွေကိုလည်း အများပြည်သူသုံး ရေဘုံဘိုင်တွေမှာ ရေကို ခွဲတမ်းစနစ်နဲ့ တန်းစီ စောင့်ယူခိုင်းရတဲ့အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ယင်းနောက်ပိုင်း ပြည်သူတွေဘက်က ရေကို လျှော့သုံးခဲ့ကြတဲ့အပြင် မိုးပြန်လည်ရွာသွန်းလာခဲ့တာကြောင့်လည်း အဆိုးရွားဆုံး အခြေအနေတစ်ရပ်ကနေ ပွတ်ကာသီကာ ရှောင်လွဲနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း နောက်နှစ်တွေကျရင်ကော ခုနှစ်လိုမျိုး ဆက်ဖြစ်လာနိုင်မှာဖြစ်တာကြောင့် ဘယ်လို ကြိုတင်ဖြေရှင်းကြမလဲ ဆိုတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ခေါင်းချင်းဆိုင် နည်းလမ်းရှာနေကြလျက်ရှိပါတယ်။

“ ခုလို ရေခဲတောင် ဆွဲယူလာမယ့် အစီအစဉ်ကတော့ နည်းနည်းတော့ ကြောင်တောင်တောင်နိုင်ပါလိမ့်မယ်၊ ဘာပဲဖြစ်ဖြစ် အသေးစိတ်အချက်အလက်တွေကို ပြန်ကြည့်မယ်ဆိုရင်တော့ အဲဒီအစီအစဉ်က လုံ့ဝ ကြောင်တောင်တောင် အစီအစဉ်တော့မဟုတ်ပါဘူး” ဆိုပြီး ယင်းအစီအစဉ်ကို ဦးဆောင် စဉ်းစားနေတဲ့ ကျွမ်းကျင်ပညာရှင် Nick Sloane က ပြောပါတယ်။

ယခု အဆိုပြုထားတဲ့ အစီအစဉ်အရ သင့်တော်မယ့် ရေခဲစိုင်တစ်ခုကို အသေအချာစိစစ်ရွေးချယ်ပြီး မိုင် ၁,၂၀၀ အကွာခရီးကို ဖြတ်ရင်း ကိတ်တောင်းမြို့အထိ သင်္ဘောကြီးတွေနဲ့ ဆွဲယူလာဖို့ဖြစ်ပါတယ်။

ယင်းနောက်ပိုင်း ရေခဲစိုင်ကြီးကို မြန်မြန်ဆန်ဆန် ပျော်ကျမသွားအောင် ထိန်းသိမ်းမှာဖြစ်ကာ တစ်နေ့ချင်းစီအလိုက် ပျော်ကျတဲ့ ရေတွေကိုတော့ စနစ်တကျ သိမ်းဆည်းစုဆောင်းထားရှိမှာဖြစ်ပါတယ်။ တစ်နှစ်ပတ်လည်လုံးအတွက် နေ့စဉ် အသုံးပြုလို့ရနိုင်မယ့် ရေလီတာပေါင်း သန်း ၁၅၀ ထုတ်လုပ်နိုင်အောင် စီစဉ်သွားမယ်လို့ သိရပါတယ်။

သို့ပေမယ့်လည်း အဆိုပါ အစီအစဉ်ကိုတော့ ကိတ်တောင်းအာဏာပိုင်တွေဘက်က လက်ခံပြီး အတည်ပြုချက် ပေးမှာလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required