စားသောက်ကုန်နှင့်အဖျော်ယမကာလုပ်ငန်းများ ညစ်​းညမ်းမှုလျော့ချနိုင်ရန် လေးနှစ်စီမံကိန်းပြုလုပ်မည်

စားသောက်ကုန်နှင့်အဖျော်ယမကာလုပ်ငန်းများ ညစ်​းညမ်းမှုလျော့ချနိုင်ရန် လေးနှစ်စီမံကိန်းပြုလုပ်မည်
ဓာတ်ပုံ - သက်ကို

 

ရန်ကုန်၊ မေလ ၂၉ ။                 ။ မြန်မာနိုင်ငံ၏ စက်မှုထုတ်ကုန်ကဏ္ဍတွင် အများဆုံးဖြစ်သော စားသောက်ကုန်နှင့်အဖျော်ယမကာလုပ်ငန်းများမှ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုနည်းပါးစွာ ထုတ်လုပ်နိုင်ရန်အတွက် "သဘာဝ" ဆိုသည့် စီမံကိန်းကို လေးနှစ်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။  ၄င်းစီမံကိန်းကို ဥရောပသမဂ္ဂ၏ SWITCH-Asia အစီစဉ်မှ ရန်ပုံငွေပေးချထားပေးပြီး WWF Myanmar နှင့် မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MEPA)၊ Saving Bank Foundation for International Cooperation (SBFIC) တို့မှ ပါ၀င်ဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၁၈ ဖေဖော်ဝါရီလ မှ ၂၀၂၂ ဇန်နဝါရီလအထိ (၄၈လ) ကြာမည့်အဆိုပါစီမံကိန်းမိတ်ဆက်ပွဲကို ရန်ကုန်မြို့ Rose Garden Hotel တွင် မေလ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည်။

"မြန်မာနိုင်ငံရဲ့စီးပွားရေးကတိုးတက်နေတာနဲ့အမျှ အထူးသဖြင့် အစားအသောက်နဲ့ အဖျော်ယမကာလုပ်ငန်းကဏ္ဍကလည်း ပိုပြီးစွန့်စားမှုတွေရှိလာပါတယ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု မူဝါဒတွေတိုးတက်အောင် ထိမ်းသိမ်းဖို့အတွက် စီမံခန့်ခွဲမှုစွမ်းရည်တိုးတက်လာအောင်။ နောက်နှစ်အနည်းငယ်မှာတိုးတက်လာမယ့် ပုဂ္ဂလိကလုပ်ငန်းတွေနဲ့အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေက ဒီကဏ္ဍမှာဝင်လာဦးမှာပါ။ ကုမ္ပဏီအရေအတွက်တွေတိုးလာမယ်၊ ပို့ကုန်တွေတိုးလာမယ်။ သဘာဝပတ်ဝန်းကျင်ကိုတိုးချဲ့လာရုံနဲ့မပြီးပါဘူး။ ရေထုညစ်ညမ်းမှုက ပိုတိုးပြီးဆက်ဖြစ်နေမယ်။ စွမ်းအင်ဆုံးရှုံးမှုကလည်း အခြေအနေမကောင်းဆဲဖြစ်နေမယ်။ တဖြည်းဖြည်းနဲ့ မြန်မာ့စီးပွားရေးက ထိခိုက်လာပြီး မြန်မာပြည်သူတွေကလည်း ထိခိုက်လာမယ်။ ဒီမှာရှိတဲ့လူတွေတိုင်းက သန့်ရှင်းတဲ့ပတ်ဝန်းကျင်ကိုလိုအပ်ပါတယ်။ ကျွန်တေ်ာတို့သောက်ဖို့အတွက် သန့်ရှင်းတဲ့သောက်ရေလိုပါတယ်" ဟု WWF Myanmar ၏ Conservation Programme Director Mr.Nicholas J.Cox က မဇ္စျိမကို ပြောသည်။

"သဘာဝ" စီမံကိန်းတွင် ထုတ်လုပ်မှုအလေ့အကျင့်ကောင်းများဆိုင်ရာ မူဝါဒ ၂ ရပ်၊ လမ်းညွှန်ချက် ၂ ဆောင်တို့ကို ရေးဆွဲသွားမည်ဖြစ်သည်။ ထို့အပြင် ထုတ်လုပ်မှုနှင့်သက်ဆိုင်သည့် အသေးစားနှင့်အလတ်စားလုပ်ငန်းများ၊ ညစ်ညမ်းမှုပိုနည်းသည့်နည်းပညာကိုအကောင်အထည်ဖော်နိုင်စေရန် ဒေသခံအကြံပေးများ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ချေးငွေများ ချထားပေးနိုင်ရန်   ငွေကြေးဆိုင်ရာအဇွဲ့အစည်းများ ဘဏ်အရာရှိများ စသည်တို့အတွက် စွမ်းရည်မြှင့်သင်တန်းများ သင်ကြားပေးခြင်းလည်း စီမံကိန်းတွင် ပါ၀င်နေသည်။

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ ဥက္ကဌ ဦးဇော်မင်းဝင်း က "Waste ကို ကျွန်တော်တို့က ပြန်လည်ပြီးတော့သန့်ရှင်းပြီးတော့ မလွှင့်ပစ်နိုင်အောင်ထိမ်းသိမ်းဖို့လိုပါတယ်။ ဒီအတွက်ကိုကျွန်တေ်ာတို့ဆီမှာ မြန်မာနိုင်ငံမှာနည်းပညာအားနည်းတာရှိသလို ဒီလိုလုပ်ဖို့အတွက်က ငွေရေးကြေးရေးကကုန်ကျမှုလည်း အများကြီးများပါတယ်။ ကျွန်တေ်ာတို့နှစ်ပေါင်း ၄၀ ကျော် ၅၀ လောက်ကတည်ဆောက်ခဲ့တဲ့စက်မှုဇုန်တွေက အခုအချိန်မှာ ဒါတွေလုပ်ဖို့အင်မတန်မှခဲရင်းပါတယ်။ အခုကလည်းဒါတွေမလုပ်လို့မရတော့တဲ့အချိန်ပါ" ဟု ပြောသည်။

မြန်မာနိုင်ငံ၏ စက်မှုထုတ်ကုန်ကဏ္ဍတွင် ၆၀ % သော မြန်မာကုမ္ပဏီများမှာ စားသောက်ကုန်နှင့်အဖျော်ယမကာမျာကို ထုတ်လုပ်ကြသည်။

စားသောက်ကုန်နှင့်အဖျော်ယမကာထုတ်လုပ်သည့်စက်ရုံပေါင်း ၂၇,၁၁၃ ခုသည် မြန်မာနိုင်ငံအနှံအပြားတွင်ရှိနေသည်။ ၄င်းတို့ထဲတွင် ထုတ်လုပ်မှုပမာဏကြီးမားသည့်ကုမ္ပဏီ ၂,၈၅၆ ခု၊ အလယ်အလတ်ထုတ်လုပ်မှုရှိသည့်ကုမ္ပဏီ ၄,၆၇၇ ခု၊ ပမာဏအနည်းငယ်သာ ထုတ်လုပ်သည့်ကုမ္ပဏီ ၁၉,၅၈၀ခု တို့ပါဝင်နေသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင်မှတ်ပုံတင်ထားသည့် အဖျောယမကာလုပ်ငန်း ၂၄,၀၀၀ တွင် လုပ်ငန်းအရေအတွက် ၅% အောက်သာ စွန့်ပစ်ရေဆိုးများသန့်စင်နိုင်သည့် အနေအထားတွင်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly